ၾကားသိသမွ်

မြန်မာ စစ်တပ် အဖို့ ၎င်းတို့ မနိုင် နှိုင်ဆိုသည်ကို သိမှ ဖြစ်မည်

မြန်မာ စစ်တပ် အဖို့ ၎င်းတို့ မနိုင် နှိုင်ဆိုသည်ကို သိမှ ဖြစ်မည်

ဖေဖေါ်ဝါရီလ တွင် စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်သည် အကြပ်အတည်းကြီး ဆိုက်ရောက် လာနေပြီ ဖြစ်သည်။
ပြည်ပ အစိုးရများက အာဏာသိမ်း အဖွဲ့ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ အကြား ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာရန် ပြောဆိုလာကြသည်။

သို့သော် လက်ရှိ အနေအထားတွင် ထိုသို့ ပြောဆိုနေမှုများက အချိန်မတန် သေး၊ စောလွန်းနေသေးသည်၊ မည်သည့်ဖက်က ဆွေးနွေးရန် စိတ်ဝင်စားကြခြင်း မရှိသေး၊ ပြည်ပ အင်အား စုများကလည်း ၎င်းတို့ ကို စားပွဲဝိုင်းဆီ ခေါ်လာနိုင်ရန် မယ်မယ်ရရ မလုပ်နိုင်ကြသေးပေ။

အကယ်၍သာ စစ်တပ်သည် ခုခံတွန်းလှန်ရေး အင်အားစုများကို ထိထိရောက်ရောက် အားပျော့သွားအောင် လုပ်နိုင်ခဲ့မည် ဆိုလျှင် ၎င်းတို့ဖက်က ဆွေးနွေးရန် အကြောင်း ရှိတော့မည် မဟုတ်ပေ။ လက်ရှိအနေအထားအရ မည်သို့မျှ ဖြစ်နိုင်ဖွယ် မရှိပေ။

ဆွေးနွေးမှု အောင်မြင်ရန် မဖြစ်မနေ လိုအပ်ချက်ကား စစ်တပ် အနေဖြင့် ၎င်းတို့ ၏ အနေအထား သိသိသာသာ အားပျော့နေပြီ ဆိုသည်ကို ရှင်းလင်းစွာ သိမြင်လာရေးပင် ဖြစ်သည်။

ထိုသို့ ဖြစ်လာရန် နိုင်ငံတကာ အနေဖြင့် တထောင့်တနေရာမှ ပါဝင်နိုင်မည့် အခန်းကဏ္ဍလည်း ဖြစ်သည်။ သို့သော် ပြည်တွင်းမှ ဖိအားပေးလာမှုများသည် အဓိက နေရာမှ ပါဝင်ရမည် ဖြစ်သည်။

စစ်တပ်သည် တိုင်းပြည်ကို နိုင်နင်းစွာ အုပ်ချုပ်သွားနိုင်ရေးမှာ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေလေပြီ။ မြန်မာသည် ပြီးခဲ့သည့် ဆယ်စုနှစ်က ၎င်းတို့ အုပ်ချုပ်ခဲ့ဖူးသည့် နိုင်ငံတနိုင်ငံ မဟုတ်တော့၊ ပြင်ပ ကမ္ဘာကြီး နှင့် ဆက်သွယ်လာနိုင်ပြီ ဖြစ်၍ မျက်စိပွင့် နားပွင့် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထိုသို့ လွတ်လပ်ခွင့်များ ပိုမို ရရှိခဲ့ပြီး ဖြစ်သည့် အခွင့်အရေးများ ဆုံးရှုံးရမည့် အရေးကို မည်သူမျှ ငြိမ်ခံနေကြတော့မည် မဟုတ်ပေ။

၎င်းတို့ မအောင်မြင်နိုင်တော့မည့်အပြင် လက်ရှိပုံစံအတိုင်း ဆက်သွားနေမည်ဆိုက ၎င်းတို့ မိသားစုများပါ အန္တရာယ် ကျရောက်လာမည် ဆိုသည်ကို စစ်တပ်မှ သဘောပေါက်လာသည့် အချိန်ရောက်လာလျှင် ဆန့်ကျင် ရေး အင်အားစုများက စစ်တပ်ကို အမြစ်မှ လှန်နိုင်ရေးအတွက် တိုး၍ ပြောဆိုလာကြတော့မည် ဖြစ်သည်။

နိုင်ငံ တည်ငြိမ်ရေး နှင့် အောင်မြင်‌ရေး လမ်းကြောင်း ပေါ်သို့ တက်လှန်းနိုင်မည့် အကောင်းဆုံး နည်းလမ်း ဖြစ်ပုံရှိ သည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖေါ်ဆောင်ရေး လှုပ်ရှားမှု နှင့် ငြိမ်းချမ်းရေး အတွက် အခွင့်အလမ်း ရှိလာ နိုင်ဦးမည်လော။

ထိုသို့ သိမြင်လာရေးသည် အလွယ်တကူ နှင့် သူ့အလိုအလျောက် ပေါ်ပေါက်လာမည်ကား မဟုတ်ပေ။ စစ်တပ် သည် ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ပြီး သီးခြားနေသည့် အဖွဲ့အစည်း တခုလည်း ဖြစ်သည်။

စစ်သားများသည် ၎င်းတို့ ကာကွယ်စောင့်ရှောက်ပေးရမည့် ပြည်သူ များနှင့် ကင်းကွာအောင် တသီးတခြား နေထိုင် ကြရပြီး စစ်ခေါင်းဆောင်များသည်လည်း ခမ်းနားကြီးကျယ်လှသော စံအိမ်ကြီးများ ထဲတွင် နေထိုင်ကြသူများ ဖြစ်နေ သည်။

မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားသည် ပို၍ ဆိုးဝါးလာနေကာ ရန်ကုန်၊ မန္တလေး ကဲ့သို့ မြို့ကြီးများ တွင်ပင် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနေသော်လည်း စစ်တပ်သည် ၎င်းတို့ မည်သို့မျှ မနိုင်နှိုင်သည်ကို သဘောပေါက် နေသည့် လက္ခဏာ တစုံတရာ မပြသသေးပေ။

အတိုက်အခံ များကိုကော ပြည်ပ အင်အားကြီး နိုင်ငံများကိုကော ၎င်းတို့ အနေဖြင့် စေ့စပ်ဆွေးနွေးလိုပါသည် ဆိုသော ငြိမ်းချမ်းရေး သံလွင်ခက်ကို ကမ်းလှမ်းလာခြင်း မရှိ သေးပေ။

ထိုအစား အရေးနိမ့်ပါက ၎င်းတို့ လုံးဝပျက်သုဥ်းရေး ဆီ ဦးတည်ပေတော့မည် ဆိုသော ခံယူချက်ဖြင့် ရုရှား နှင့် ရုရှားလောက် ထောက်ခံမှု မပေးသော တရုတ် တို့၏ အားကို ယူကာ အကြမ်းဖက် တိုက်ခိုက်မှုများ အရှိန်အဟုန် မြှင့်လာနေသည်။

စစ်တပ်အတွင်းရှိ အထက်တန်း အရာရှိကြီးများ အပေါ် မနိုင် နှိုင်တော့၍ လမ်းကြောင်း ပြောင်းပြီး ၎င်းတို့ အဖွဲ့ အစည်းကြီး အား ဆက်လက်ထိန်းသိမ်းသွားရေးကို ဖျောင်းဖျနိုင်ဖို့က ဖြစ်နိုင်ဖွယ် မရှိပေ။

အနည်းဆုံး အဆင့် အဖြစ် အမေရိကန်၊ ဥရောပ နှင့် အခြား နိုင်ငံများက စစ်အာဏာသိမ်း အဖွဲ့ကို နိုင်ငံတကာ မှ အသိ အမှတ်ပြု လက်ခံခြင်း ရှိမည် မဟုတ် ဟု ဖိအား ဆက်လက် ပေးနေခြင်းမျိုးဖြင့်သာ စတင် ထားရမည် ဖြစ်သည်။

သို့သော် လုံလောက်သည့် အဆင့်အထိ မရောက်သေးပေ။ မည်သို့သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခြင်းမျိုး နှင့်မှ အာဏာရှင်များကို မောင်းထုတ်နိုင်မည် မဟုတ်ဆိုသည်မှာ ဗင်နီဇွဲလား နှင့် ဆီရီးယား တို့က သက်သေပြနေ ပေသည်။

ပြည်ပ ဖိအားပေးမှုများ ဖြင့် အောင်မြင်နိုင်ဖို့ ဆိုသည်က တံလျှပ်ကို ရေထင်နေသည့် အလားသာ ဖြစ်နေပေလိမ့်မည်။စစ်တပ်ကို တကယ်တမ်း အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်နိုင်သည်က ပြည်တွင်းမှ ဖိအားများသာ ဖြစ်သည်။

လက်ရှိတွင် CDM ကြောင့် စစ်တပ်သည် လုံးဝ အုပ်ချုပ်၍ မရသည့် အခြေ ဆိုက်လာနေခဲ့ပြီ ဖြစ်သည်။ စစ်တပ် အား ဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်လာရန် ၎င်းတို့၏ စီးပွားရေး၊ အခြေခံ အဆောက်အအုံ များ အပါအဝင် အုပ်ချုပ်ရေး ယန္တရား တခုလုံးကို ပြင်းထန်စွာ ချည့်နဲ့ အောင် လုပ်နိုင်မှသာ စစ်တပ် အဖို့ ဦးကျိုးသွား နိုင်မည့် အနေအထား အထိ ဆွဲဆန့်ပေးနိုင်မည် ဖြစ်သည်။

တိုးမြင့်လာနေသော လက်နက်ကိုင် လှုပ်ရှားမှုကြောင့် အခြေအနေများ ပို၍ ရှုပ်ထွေးလာခဲ့သည်။ သို့သော် စစ်တပ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် နည်းလမ်းဖြင့် စတင် နှိမ်နှင်းလာသူများ ဖြစ်သည်။

လူထု၏ တွန်းလှန် ခုခံစစ်ကြောင့် စစ်တပ်ကို ထပ်မံ၍ ဖိအားများ ဖြစ်လာခဲ့သော်လည်း ကျင့်သုံးနေသည့် နည်းလမ်းများကြောင့် စိုးရိမ်မကင်းမှုများ ထွက်ပေါ်လာခဲ့ရသည်။ ပြည်ပ နိုင်ငံကြီးများ အနေဖြင့် ခုခံ တွန်းလှန် ခြင်းသည်သာ အခြေအနေနှင့် ကိုက်ညီပြီး စစ်တပ်အား ထိခိုက်လာနေပြီ ဆိုသည်ကို အသိအမှတ် ပြုရမည် ဖြစ်သည်။

လက်ရှိတွင် လက်နက်ကိုင် တော်လှန်မှု နှင့် အတူ CDM သည် စစ်တပ်အား ၎င်းတို့၏ အခြေအနေ မဟန်တော့ ဆိုသည်ကို သဘောပေါက် အောင် လုပ်နိုင်ပေသည်။ ထိုသို့ အမြဲတမ်း ဖိအားပေးသွားနိုင်မှသာ ၎င်းတို့အဖို့ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ ဆိုသည့် အဖြစ် ပေါ်လွင်အောင် ရိုက်သွင်းနိုင်မည် ဖြစ်သည်။

ထို့အပြင် ၎င်းတို့၏ အဖွဲ့အစည်းသည် ယခုပုံစံအတိုင်း ဆက်သွားမည် ဆိုလျှင် ကြာရှည်ရပ်တည်နိုင်စွမ်း မရှိသည့် အပြင် ထိခိုက်လာတော့မည် ဆိုသည်ကို သိမြင်လာကြမည် ဖြစ်သည်။ စစ်ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့ လက်ဝယ်ရှိ ဓနဥစ္စာ စည်းစိမ်များကို ဆက်လက် ခံစားနိုင်ရေး နှင့် ၎င်းတို့၏ အသက်ဘေး ကာကွယ်နိုင်ရန် သိသိ သာသာ လိုက်လျောမှုများ ပေးလာပြီး ဆွေးနွေးလာကြမည် ဖြစ်သည်။

ထိုသို့သော စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းကြီးကို အောက်ခြေပိုင်းတွင် မြင်တွေ့လာကြရပြီ ဖြစ်သည်။ အရည်အတွက်အားဖြင့် ၃,၀၀၀ ခန့် ရှိသော စစ်ဖက် ရဲဖက်မှ ဝန်ထမ်းများသည် ခုခံတွန်းလှန်ရေး အင်အားစု များထံ ခိုလှုံလာခဲ့ကြပြီး ဖြစ်သည်။ ထို့အတွက် ယခင်က မယိမ်းမယိုင် တည်ရှိခဲ့သော စစ်တပ် အတွင်း အကွဲ အပြဲများ စတင် ပေါ်ပေါက်လာလေပြီ။

စစ်တပ်က နောက်ဆုံးတွင် ဆွေးနွေးရန် ပြင်ဆင်လာပါကလည်း အတိုက်အခံများဖက်က မည်သို့ တုန့်ပြန်လာ မည် ဆိုသည်က သဲသဲကွဲကွဲ မသိရသေးပေ။

အတိုက်အခံများ အနေနှင့် အာဏာသိမ်း အဖွဲ့အပေါ် ယုံကြည်မှု မရှိသည်မှာ သဘာဝ ကျပေသည်။ တခါက အာဏာခွဲဝေပေးမည် ဆိုသော သဘောတူညီချက်ကို စစ်တပ်ဖက်က စတင် ဖေါက်ဖျက်လာခဲ့ကြ၍ ဖြစ်သည်။ ထို့အတွက် စစ်တပ် အနေဖြင့် ကတိတည်လိမ့်မည် ဆိုသည် အပေါ် ယုံကြည်မှုက သုံည အဆင့်သာ ရှိနေပေသည်။

အတိုက်အခံများဖက်မှ လပေါင်းများစွာ ကြာအောင် စစ်တပ်၏ အကြမ်းဖက်မှုများ နှင့် စီးပွားရေး ပျက်စီးလာ နေသည့် အဖြစ်မှ ထွက်ရပ်လမ်းသည် ဆွေးနွေးခြင်း သာ ဖြစ်မည်ဟု သိမြင်လာနိုင်သည်။ အတိုက် အခံများ ဖက်ကလည်း စစ်တပ်ကဲ့သို့ပင် လုံးဝ အနိုင်ရရေး ဆီသို့သာ ဦးတည်သွားချင်နေသည်။

ထိုသို့ ရည်မှန်းထားမှု များသည် နှစ်ဖက်စလုံး အတွက် ဖြစ်လာနိုင်ဖွယ် မရှိသည်ကို အမျိုးသား ညီညွတ်ရေး အစိုးရ ခေါင်းဆောင် ပိုင်းကလည်း သိမြင်လာဖို့က မခဲယဉ်းလှပေ။

သို့သော် နှစ်ဖက်စလုံးက ဆွေးနွေးရန် အဆင်သင့် ဖြစ်လာသည် ဆိုစေဦး “မည်သူနှင့် ဆွေးနွေးရမည်နည်း” ဆိုသည့် မေးခွန်းက ထွက်ပေါ်လာပြန်သည်။ စစ်တပ် နှင့် ဖြုတ်ချခံခဲ့ရသော အစိုးရ အကြား ဆွေးနွေးဖို့ ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ လုံလောက်မှု မရှိတော့ပေ။

ဆယ်စုနှစ်ပေါင်း များစွာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှု များကို ခါးစည်း ခံလာခဲ့ရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရေးသည် အဓိက သော့ချက်သဖွယ် ဖြစ်လာနေသည်။

တိုင်းရင်းသားများသည်လည်း မိမိတို့သည် နိုင်ငံသားများဖြစ်၍ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတိုင်းအတာ တခုအထိ မရသရွေ့ မည်သူမျှ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမက လူနည်းစု အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်း များ၊ နိုင်ငံရေး ပါတီများလည်း ပါဝင်နိုင်မှ ဖြစ်ပေမည်။

ထို့အပြင် NUG, ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဦးဆောင် ပါဝင်ခဲ့ကြသူများ၊ CDM ခေါင်း ဆောင်များ၊ ရိုဟင်ဂျာများ၊ လက်နက်ကိုင်တော်လှန်ခဲ့ကြသူ များ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ခဲ့ သူများလည်း ပါဝင်ရမည် ဖြစ်သည်။ ထိုအထဲမှ တဖွဲ့ဖွဲ့အား ဘေးထုတ်ထားဖို့က မည်သို့မျှ မဖြစ်နိုင်ပေ။

ပြည်ပမှ အစိုးရများ အနေဖြင့် ၎င်းတို့ ဖြစ်စေချင်သည်များကို လျော့ပေါ့ စဉ်းစားရမည် ဖြစ်သည်။ ဘိုင်ဒင် အစိုးရ၏ “ဒီမိုကရေစီ ပြန်လည် ထားရှိ‌ရေး” ဆိုသည်မှာ လောလောဆယ် လက်တွေ့ အနေအထားနှင့် ကင်းကွာ နေ၍ တင်းမာမှု လျော့ပါးရေး ဆီသို့သာ ဦးတည်ထားသင့်သည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် စစ်ခေါင်း ဆောင်များ အပေါ် စီးပွားရေး အရ အရေးယူ ဒဏ်ခတ်ခြင်းကို ပို၍ ကျယ်ပြန့်စွာ လုပ်လာသင့်သည်။ စင်္ကာပူ ကဲ့သို့ နိုင်ငံများကို ထိုသို့ လုပ်ရန် တွန်းအားပေးသင့်သည်။

အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ထိုင်း နှင့် အိန္ဒိယ ကိုလည်း ဒုက္ခသည်များ၊ ထွက်ပြေးတိမ်းရှောင်လာသူများ အား အကူအညီပေးရန် အမေရိကန် မှ ဖိအားပေးသင့်သည်။

တဖက်တွင် အတိုက်အခံ အင်အားစုများ ဆွေးနွေးလာအောင် အမေရိကန်က ဦးဆောင် ပြောဆိုသင့်ပြီး အတိုက်အခံများဖက်က အယုံအကြည် မဲ့နေမှု များ အတွက် အမေရိကန် နှင့် အကျိုးတူ နိုင်ငံများက ကြားခံ ဖြန်ဖြေသူများ အဖြစ် ပါဝင်ဆောင်ရွက်သင့်သည်။

အကယ်၍ ဆွေးနွေးဖို့ ဖြစ်လာခဲ့လျှင်တောင်မှ မည်သည့် အချိန်တွင် ဆွေးနွေးသင့်သည်။ မည်သူတွေ ပါဝင် သင့်သည် ဆိုသည် ကို အမေရိကန်၊ ဥရောပ၊ တရုတ်၊ ရုရှားတို့က ဆုံးဖြတ်ရမည် မဟုတ်ဘဲ မိမိတို့ အရေး အတွက် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် လှုပ်ရှားနေသူများကသာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai .