ၾကားသိသမွ်

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အာဂျင်တီးနားတရားရုံးက လက်ခံ အမှုစစ်ဆေးမည်

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အာဂျင်တီးနားတရားရုံးက လက်ခံ အမှုစစ်ဆေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အာဂျင်တီးနားတရားရုံးတွင်

တရားစွဲဆိုထားမှုကို လက်ခံလိုက်ပြီး အမှုကို စစ်ဆေးမည်ဖြစ်ကြောင်း အာဂျင်တီးနား တရားရုံးက တရားဝင် ပြောဆိုလိုက်ကြောင်း သိရှိရသည်။

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင်များ အပါအဝင် စစ်တပ်ကို အာဂျင်တီးနားတရားရုံး

တွင် တရားစွဲနိုင်သော သမိုင်းဝင် ခြေလှမ်းတလှမ်း လှမ်းနိုင်ခဲ့ကြောင်းမြန်မာ ရိုဟင်ဂျာ အဖွဲ့အစည်း UK (BROUK) က ယနေ့ ထုတ်ပြန်ကြေညာသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အာဂျင်တီးနား၊ Buenos Aires ရှိ တရားရုံး က မြန်မာနိုင်ငံမှ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ ကျူးလွန်သော အမှုကို စတင်စစ်ဆေးရန် အတည်ပြုလိုက်ပြီဖြစ်သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသော BROUK က မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်မျာကို တရားစွဲရန် အမှုကို အာဂျင်တီးနား တရားရုံးကို တင်ပြခဲ့ခြင်းဖြစ်ပြီး ယခုစတင်ကြားနာစစ်ဆေးရန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း၊

“ဒီနေ့ဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ နေရာတိုင်းက အဖိနှိပ်ခံ ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်နေ့ပါ။ အာဂျင်တီးနားရဲ့ ဆုံးဖြတ်ချက်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သူတွေအတွက်

ပုန်းခိုစရာနေရာမရှိဘူးဆိုတာ ပြသနေပါတယ်၊ ဒီလိုရွံရှာဖွယ်ရာဇဝတ်မှုတွေကို ဆန့်ကျင်ကြောင်း ကမ္ဘာက အခိုင်အမာ ရပ်တည်နေပါတယ်” ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

“အာဂျင်တီးနား တရားရေးမဏ္ဍိုင်က ဒီအမှုကို လက်ခံဖို့ ရဲစွမ်းသတ္တိနဲ့ တရားမျှတမှု စိတ်ဓာတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုကို ပြသခဲ့တဲ့အတွက် ကျွန်တော်တို့ ချီးကျူးပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ဆယ်စုနှစ်ပေါင်းများစွာ လူမဆန်စွာ သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုဟာ အခုလက်လှမ်းမီနေပြီ” ဟု ဦးထွန်းခင်က ဆက်လက်ပြောသည်။

“ဒါဟာ ရိုဟင်ဂျာတွေအတွက် တာဝန်ခံမှုသာမကဘဲ မြန်မာစစ်တပ်ရဲ့ ရက် စက်ကြမ်းကြုတ်တဲ့ အုပ်စိုးမှုအောက်မှာ ခံစားခဲ့ရသူတိုင်းအတွက်ပါ။

ဒီအထဲမှာ ဒီနှစ် ဖေဖေါ်ဝါရီလက အာဏာသိမ်းပြီးကတည်းက သေဆုံး၊ ဒဏ်ရာရ၊ နှိပ် စက်တာ ဒါမှမဟုတ် လူမသိ သူမသိ အသတ်ခံလိုက်ရတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေအတွက်လည်း ပါဝင်ပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာအာဏာပိုင်များက ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ဒေသတွင်းတွင်

အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ပြီး ရိုဟင်ဂျာ ၈ သိန်း ခန့် နယ်စပ်ဖြတ်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန် တွန်းပို့ခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျားအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လှုပ်ရှားမှုအတွင်း အဓမ္မပြုကျင့်၊ ညှဉ်းပန်းနှိပ်စက်ခံမှု၊ လူမဆန်စွာ ရက်စက်သော သတ်ဖြတ်မှုများကို စစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဂျင်တီးနား တရားစီရင်ရေး သည် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း၊ ရိုဟင်ဂျာများနှင့်ပတ်သက်ပြီး ICC တရားရုံး ကိုင်တွယ်နေသည့်အပြင်

အာဂျင်တီးနား တရားရုံးကမူ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု အားလုံးနှင့် အကျူံးဝင် စစ်ဆေးကြားနာမည်ဟု သိရှိရသည်။

အာဂျင်တီးနားတရားရုံး၏ကိုင်တွယ်မှုသည် ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ပထမဦးဆုံးသော စံပြဖြစ်စဉ်တစ်ခုအဖြစ် ဖြစ်လာမည်ဖြစ်သည်။

လက်ရှိတွင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင်လည်း ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီးယားနိုင်ငံက တရားစွဲဆိုထားသည်။
ဓာတ်ပုံ- Reuters