ၾကားသိသမွ်

စစ်ခေါင်းဆောင် နှင့် တွေ့ဆုံခဲ့ေသာရစ်ချတ်ဆန်၏ နယူးယောက် လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ

ရစ်ချတ်ဆန်၏ သတင်းစာရှင်းလင်းပွဲ

ရစ်ချတ်ဆန် သည် နယူးယောက် JFK လေဆိပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် စစ်ကောင်စီ ခေါင်းဆောင် နှင့် နှစ်ကြိမ်တိုင် နှစ်ဦးချင်း တွေ့ဆုံနိုင်ခဲ့ပြီး

အဖွဲ့လိုက် နောက်ထပ် နှစ်ကြိမ် တွေ့ဆုံခဲ့၍ စုစုပေါင်း ရှစ်နာရီ အတော အတွင်း ဒင်နီ ဖန်စတား အား လွတ်မြောက်အောင် လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင် နှင့် တွေ့ဆုံရာတွင် စကားပြန်နှင့် ပြောဆိုခဲ့ရ၍ ကြာမြင့်သည့် သဘော ဟာသနှောကာ ပြောဆို သွားခဲ့ပြီး အာဏာသိမ်း

အဖွဲ့မှ မိမိအား ဒင်နီ လွတ်မြောက်ရေး အတွက် အပြန်အလှန် သဘော အနေဖြင့် တောင်းဆိုခဲ့မှု မရှိဟု ရစ်ချတ်ဆန် က ပြောဆိုသွားခဲ့သည်။

ဒင်နီ ကို လွှတ်ပေးခြင်းဖြင့် လူသားချင်းစာနာ ထောက်ထားသည့် လက်ဆောင် အဖြစ် အမေရိကန် ပြည်သူ များကို ပေးနိုင်ခွင့် ရှိမည် ဖြစ်ကြောင်း၊

ဒင်နီသည် သတင်းသမား တဦး အနေဖြင့် သူမြင်တွေ့သည်များကို ရေးသားခြင်းသာ ဖြစ်၍ ဒီအတွက် အပြစ်မရှိကြောင်း စစ်ကောင်စီ ခေါင်းဆောင်ကို ပြောခဲ့သည်ဟု လည်း ဆိုသည်။

မိမိအနေဖြင့် အချက် သုံးချက် ကို ရရှိခဲ့ကြောင်း၊ ပထမအဖြစ် ဒင်နီ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ခြင်း၊ ဒုတိယ အဖြစ် မိမိ စင်တာ မှ

ဝန်ထမ်း မအေးမိုး လွတ်မြောက်လာခဲ့ခြင်း နှင့် လူသားချင်း စာနာသည့် အကူအညီများ ပေးနိုင်အောင် လမ်းဖွင့်ပေးနိုင်ခဲ့ခြင်း တို့ ဖြစ်ကြောင်း ဆိုသည်။


ဒင်နီက မိမိသည် အကျဉ်းကျနေသူ တဦး ကြုံတွေ့ရသည့် အတိုင်းသာ တွေ့ကြုံခဲ့ရပြီး အိမ်ပြန်ရောက်သည်နှင့် မုတ်ဆိတ်ရိတ်၊ ဆံပင်ညှပ် ဖို့ စိတ် အားထက်သန်နေသည်ဟု ဆိုသည်။

ဒင်နီ ဆောင်းထားသော ခေါင်းဆောင်း သည် ဘဝတူ အကျဉ်းသား တဦးက လက်ဆောင် ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တွင် ရှိသော သူ၏ ဇနီးသည်နှင့်လည်း တွေ့ခွင့်မရခဲ့ဘဲ လက်ထိတ်၊ ခြေကျင်းများ နှင့် နေပြည်တော် ရှိ ဟိုတယ်သို့ ခေါ်လာပြီး ဘာလုပ်မည်မှန်း မသိဘဲနှင့် အခုလို ပြန်လည် ရောက်လာရသည်ဟု ပြောသွားခဲ့သည်။

ဒင်နီ၏ မွေးရပ်မြေ မီချီဂန် ပြည်နယ် ၏ ဒီမိုကရက်တစ် အောက်လွှတ်တော် အမတ် အင်ဒီ လဲဗင်က ဒင်နီအား ဆက်လက် ဖမ်းချုပ်ထားခြင်းဖြင့် ၎င်းတို့ အတွက် အကျိုးမရှိကြောင်းကို စစ်ခေါင်းဆောင်များ သိမြင်လာကြပြီး

အကယ်၍ ၎င်းတို့ လက်ဝယ် ဒင်နီ တခုခု ဖြစ်သွားပါက မိမိတို့မှ မည်သို့မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်ဆိုသည်ကို သဘောပေါက်လာကြ၍ လွှတ်ပေးလိုက်ခြင်းသာ ဖြစ်သည်ဟု မှတ်ချက် ချသွားခဲ့သည်။


ဒင်နီသည် ဒီထရွိုက် မြို့သား ဖြစ်ပြီး Creative Writing ဘာသာရပ်ဖြင့် Wayne State University မှ မာစတာ ဘွဲ့ကို ရရှိခဲ့သည်။ လူဝစ်စီယားနား ပြည်နယ်ရှိ သတင်းစာတိုက် တခုတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကာ မြန်မာ နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူသည် စစ်တပ်၏ အကြမ်းဖက်မှုများ ရင်ဆိုင်ခဲ့ရသော ရိုဟင်ဂျာများ အကြောင်း အထူးစိတ်ဝင်စားခဲ့သူ ဖြစ်သည်ဟု အကို ဖြစ်သူ ဘရိုင်ယန်က ပြောပြခဲ့သည်။


နိုင်ငံတကာ တွင် ဒန်နီ လွတ်မြောက်လာသည့် အရေး အပေါ် သတင်း မီဒီယာများက အာရုံစိုက်နေကြသည့် နှစ်ရက်အတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ တိုင်း ဒေသကြီးများတွင်

PDF တပ်များနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်သား ၇၀ ခန့် သေဆုံးသွားသည်ဟု ဆိုသည်။ ထိုအထဲ တွင်

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဆိုသူ နှင့် ခရီးသွားလာရေး တာဝန်ခံ တဦး လိုက်ပါလာသည့် ယာဉ်တန်းအား ချောင်းသာ-ပုသိမ် အဝေးပြေးလမ်းမကြီး ပေါ်တွင် တိုက်ခိုက်ခဲ့မှုလည်း ပါဝင်ခဲ့သည်။


ထိုသို့ အခြေအနေများ ပြင်းထန်လာနေသဖြင့် မော်တော်ဆိုင်ကယ်ကို အမျိုးသား နှစ်ဦး အတူ စီးနင်းခွင့် မရှိဟု လူကြား မကောင်းသည့် တားမြစ်ချက်များ ထုတ်ပြန်နေရသည့် အချိန်တွင်

တိုင်းပြည်သည် ပုံမှန် ပြန်၍ လည်ပတ် နေပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဟု ခန့်အပ်ထားသူ မောင်မောင်အုန်းက ဆိုခဲ့သည်။

ထိုင်း၊ တရုတ် နယ်ခြားများ ပြန်ဖွင့်ပြီး နိုင်ငံတကာ လေယာဉ်များ ဆင်းသက်ခွင့် ရသည်နှင့် ကမ္ဘာလှည့် ခရီးသွားများ၊ ရင်းနှီး မြှုပ်နှံသူများ ပြန်လာနိုင်ခွင့် ရတော့မည် ဆိုသည်ကို

၎င်းနှင့် South China Morning Post ၏ This Week in Asia အစီအစဉ်တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောသွားခဲ့သည်။

နောက်အပတ်ထဲတွင် ကျင်းပရန် ရှိနေ သည့် အာဆီယံ-တရုတ် ထိပ်သီး ဆွေးနွေးပွဲအတွက် မင်းအောင်လှိုင်အား ယခုထိ ဖိတ်ကြားခြင်း မရှိ သေးဟု သိရသည်။ ဖိတ်လျှင် တက်မည်ဟု ဆိုသည်။

ဒင်နီ ဖန်စတား အား လွှတ်ပေးခဲ့သော်လည်း ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင် တန်နယ်လ် ကို လွှတ်ပေး ရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုကို “နိုင်ငံတည်ငြိမ်မှု ရရှိလာခြင်း” နှင့် “ချစ်ကြည်ရင်းနှီးသော သံတမန် ဆက်ဆံ ရေး” ရှိမှု အပေါ် မူတည်သည်ဟု

ဖြေသွားသဖြင့် တရားဥပဒေ၏ အခန်းကဏ္ဍ သည် ပျောက်ပျက်နေကာ တစုံတရာ ကို မျှော်ကိုးပြီး ဖမ်းဆီးချုပ်နှောင်ထားမှုက ပေါ်လွင်သွားခဲ့ပြန်သည်။

အားလုံးမှာ တိုင်းပြည်ရှေ့ရေး အတွက် ဘာစီမံချက်မှ လက်တွေ့ကျကျ ချမှတ် နိုင်ခြင်း မရှိ၊ တိုင်းပြည် ပုံမှန်ပြန် ၍လည်ပတ်နေပြီဟု နိုင်ငံတကာ အား အခြေအမြစ်မရှိ တွင်တွင် ပြောရင်း၊

တဖက်ကလည်း မင်းအောင်လှိုင် ကျေနပ်စေရန် ဆေးမြီးတိုများကို ထုတ်၍ လက်တည့်စမ်းရင်းနှင့်ပင် အချိန်ကုန်လာနေပြီ ဖြစ်သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လီဂျန် မှ အထူးသံတမန် ဆွန်ကောရှန် ၏ ခရီးစဉ် နှင့် ပတ်သက်၍ အင်္ဂါနေ့တွင် ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင်

တရုတ် အစိုးရ အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်း နှင့် အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် တည်ငြိမ်မှု ရရှိရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး များ ပြန်လည် ဖြစ်ပေါ်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။

တရုတ် သည် ယခင် ဗိုလ်သန်းရွှေ စစ်အစိုးရ လက်ထက် ကဲ့သို့ ပြည်ပစွက်ဖက်မှုများ ကို ရှုတ်ချကြောင်း အစ ရှိသည့် ပြောနေကျ စကားလုံးများ သုံးနှုံးလာခြင်းမျိုး တော့ ယခုထိ မကြားရသေးပေ။

ထို့အပြင် အာဆီယံ၏ အချက် ငါးချက်ပါ သဘောတူညီချက်အပေါ် မြန်မာဖက်မှ ပူးပေါင်းဆောင်ရွက်လာရန် တက်ကြွစွာ ကြိုးပမ်း သွားမည်ဟု ပြောခဲ့သည်။

ဆွန်ကောရှန် ရောက်နေစဉ်အတွင်းမှာပင် မင်းအောင်လှိုင် ဖွဲ့စည်းပေးထားသော ရွေးကော်မှ နိုင်ငံတော် အတိုင် ပင်ခံ နှင့် သမ္မတကြီး အား ရွေးကောက်ပွဲ မသမာမှု နှင့် တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး သစ် ယိုရှီမာဆာ ဟာရာရှီသည် သူ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ဆာဆာကာဝါ သည် မြန်မာ သို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး

မိမိတို့ အစိုးရ၏ အမျိုးသား ရင်ကြားစေ့ရေး အထူး သံတမန် တာဝန်ဖြင့် မဟုတ်ဟု ငြင်းဆိုသွားခဲ့သည်။ သို့သော် သူနှင့် မိမိတို့ အဆက်အသွယ် ရှိခဲ့သည်ဟု ဆိုသည်။


(ပုံတွင် နယူးယောက် JFK လေဆိပ်တွင် မိခင် ဖြစ်သူ ရို့စ် ဖန်စတားအား ပွေ့ဖက် နှုတ်ဆက်နေသည့် ဒန်နီ ကို တွေ့မြင်ခဲ့ရသည်)

တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soe Wai