ၾကားသိသမွ်

စစ်အာဏာရှင်နဲ့ စေ့စပ်ဆွေးနွေးမှာမဟုတ်လို့ ဦးမင်းကိုနိုင်ပြော

စစ်အာဏာရှင်နဲ့ စေ့စပ်ဆွေးနွေးမှာမဟုတ်လို့ ဦးမင်းကိုနိုင်ပြော

စစ်အာဏာရှင်နဲ့ စေ့စပ်ဆွေးနွေးရေးကို ဦးတည်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှာ ပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အွန်လိုင်းကနေ လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဦးမင်းကိုနိုင်က ပြောခဲ့တာပါ။

“ဘယ်သူတွေက စေ့စပ်ဆွေးနွေးရေးကို ဦးတည်နေလို့လဲ။ လက်တွေ့ဖြစ်နေတဲ့ အခင်းအကျင်းတွေ အပြုအမူတွေကကော စေ့စပ်ဆွေးနွေးပွဲကို ဖြစ်နိုင်တဲ့အခြေအနေ မို့လို့လား

ဒါကို စဉ်းစားစေချင်ပါတယ်။ အဲဒီအတွက်က အခြေခံအချက်အလက်တွေ အများကြီးလို့ ပါတယ်”

အနာဂတ်မှာ လက်နက်ကိုင်စနစ် လွှမ်းမိုးတဲ့ ပုံစံကို သွားမှာမဟုတ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကို ပြန်သွားမှာလည်း မဟုတ်ဘူးလို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

လက်ရှိ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဟာ ပြည်နယ်အတိုင်ပင်ခံကောင်စီ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်နေတယ်လို့ NUCC သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

အဲဒီထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ ပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ တို့ရဲ့ နာမည်တွေကိုသာ လက်ရှိမှာ ထုတ်ပြောနိုင်ပြီး ကျန် ငါးဖွဲ့ ရဲ့ နာမည်တွေကိုတော့ ထုတ်ဖော်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် မပါဝင်လာသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း စည်းရုံးသွားဖို့ ရှိနေတယ်လို့ ဦးမင်းကိုနိုင်က ဆိုလိုက်ပါတယ်။

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဒေါက်တာ လျန်မှုန်းဆာခေါင်း ကတော့ လက်ရှိမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ အဆုံးသတ်မလား၊

လက်နက်ကိုင်တော်လှန်ရေးနဲ့ အဆုံးသတ်မလားဆိုတာက ဖြစ်လာမယ့်အခြေအနေကို ဘက်ပေါင်းစုံကနေ လုပ်ဆောင်တဲ့ပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် NUCC က ရေးဆွဲပြီးဖြစ်တဲ့ ဖက်ဒရယ်ပဋိညာဉ် မူကြမ်းကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်နေပြီး အဲဒီအတွက် လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်သွားဖို့ရှိနေတဲ့ ပြည်သူ့ညီလာခံမှာ အတည်ပြုသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။