စစ်တပ်၏ အဆင်ခြင်မဲ့စွာ ဥပဒေလက်လွတ် တိုင်းပြည်အာဏာကို လူတစု၏ သဘောတခုတည်းဖြင့် မောင်ပိုင် စီးခဲ့မှု ၏ နောက်ကွယ်တွင် စမတ်ဖုန်းများ ကိုင်ကာ နိုင်ငံရေး ကို တလုံးတပါဒမျှ စိတ်ဝင်စားခဲ့ခြင်း မရှိ၊
ချီဂွေဗားယား ဆိုသူကို ပိုစတာ သာ မြင်ဖူးခဲ့ကြပြီး အပူအပင် ကင်းစွာ နေထိုင်လာခဲ့ကြသည့် လူငယ်များ၏ ဘဝ သည် နေ့ချင်း ညချင်း ဆိုသလို ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ကြရပြီ ဖြစ်သည်။
၎င်းတို့၏ အပူအပင်မဲ့ ပျော်ရွှင်လွတ်လပ်စွာ နေထိုင်လာခဲ့ရသည့် ဘဝ ကို လုယူသွားခဲ့ရုံမက အာဏာငမ်းဖမ်း ကာ မိမိတို့အား အမှောင်ခေတ်ကြီးထဲသို့ ဆွဲချသွားရန် ကြံစည်နေသည့် စစ်အာဏာရှင်များကို
ဖြစ်သည့် နည်းဖြင့် အပြီးအပိုင် ချေမှုန်း မှ ဖြစ်တော့မည်ဟု စိတ်ပိုင်းဖြတ်ခဲ့ကြပြီး မြန်မာသမိုင်းတွင် မကြုံခဲ့ဖူးသည့် လူငယ်များ ဦးဆောင်သည့် လက်နက်ကိုင် တော်လှန်ရေးကြီးသည် အရှိန်အဟုန် ပြင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုလူငယ်များသည် နောင်တခေတ် တွင် တိုင်းပြည်အတွက် လွန်စွာ အားကိုး အားထားပြုရမည့် အသိပညာရှင်၊ အတတ်ပညာရှင်ပေါင်းများစွာ ပါဝင်နေပြီး ယခုအခါ တောထဲတောင်ထဲတွင် လက်နက်ကိုင် တော်လှန်ရန် ရောက်ရှိနေကြရလေသည်။
သူတို့ထဲမှ တယောက်တလေ ကျဆုံးတိုင်း တိုင်းပြည်အတွက် အဖိုး မဖြတ်နိုင်သော ရတနာ တပွင့် ကြွေလွင့်သွားခဲ့ရသည် နှင့် အတူတူပင် ဖြစ်သည်။
ပြည်တွင်းတွင် ကျန်ရစ်ခဲ့သူများကလည်း အာဏာရှင်တို့၏ လက်ပါးစေ တပ်များ၊ ဒလန်များ၏ ရန်မှ ရှောင်ရင်း တိမ်းရင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု များ အသက်ဆက်နိုင်အောင် ကူညီပေးလာကြသည်။
ထို့ကဲ့သို့ စစ်မျက်နှာ နှစ်ဖက် ဖွင့်၍ ဟန်ချက်ညီညီ တိုက်ခိုက်လာခဲ့မှု ကြောင့် စစ်အာဏာရှင်တို့ ကြက်သေ သေသွားခဲ့ရပြီး တိုင်းပြည်ကို ယခင် စစ်ခေါင်းဆောင်များကဲ့သို့ သေနတ် ခါးကြားထိုး ပေါက်ပန်းဈေး ထင်ရာ မြင်ရာ ပြောကာ ဒီကွေ့ ဒီတက်နှင့် လှော်၊
ဟိုကွေ့ ဟိုတက်နှင့် လှော်ကာ အုပ်ချုပ်သွားမည်ဟူသော စိတ်ကူး ယဉ်ခဲ့မှုများ ပြိုလဲ ပျက်စီးကုန်ခဲ့ရပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်သော ဇာတိရုပ်ကို လှစ်ဟ ပြလာခဲ့ရသည့် အထိ အရေးနိမ့်လာခဲ့ရသည်။
ထိုသို့ မနိုင်နိုင်ရာ မဲကာ လက်လှမ်းမှီသမျှ ဖိနှိပ်လာနေသည်နှင့် အမျှ ပြည်သူတို့၏ ရွံရှာ စက်ဆုပ်ခံရမှုများကို တိုး၍ ခံလာနေရပြီ ဖြစ်၍ ဝါဒဖြန့်ချီရေး အတွက် အလိမ်အညာများ ဖြင့်သာ တန်ဆာ ဆင်လာနေရပြီ ဖြစ်သည်။
ပထမဆုံးအကြိမ် အဖြစ် စစ်တပ်ကို စွန့်ခွာ ထွက်ပြေးသူများ ရာနှင့်ချီ ရှိလာနေပြီး မည်သည့် နိုင်ငံကမျှ အသိ အမှတ်ပြုကာ ဆက်ဆံခဲ့ကြခြင်း မရှိ၊ ကုလသမဂ္ဂတွင်လည်း နေရာပျောက်နေပြီး အမျိုးသား ညီညွတ်ရေး အစိုးရ NUG က နေရာရလာခဲ့သည်။
NUG သည် ပြည်တွင်း ပြည်ပ အကြားတွင် ကြိုးတန်းလမ်းလျှောက်သလို သတိကြီးစွာ ထား၍ လှုပ်ရှားလာနေသည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့က အောက်တို ဘာလ အစီရင်ခံစာတွင် ဖေါ်ပြခဲ့သည်။
ယခင်က ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော မြန်မာပြည် အလယ်ပိုင်းသည် အာဏာရှင်များကို ကျားကုတ် ကျားခဲ ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်မြေပြင်ကြီး အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားကာ အာဏာသိမ်းအဖွဲ့ ၏သစ္စာခံ တပ်များ နေ့စဉ်နှင့် အမျှ
အကျအဆုံး များသည်ထက် များပြားလာနေသည်။ စစ်ရဟတ်ယာဉ်များ သုံးကာ တပ်များ ရွှေ့ပြောင်းခြင်းသည် အကုန်အကျ များ၍ ယာဉ်တန်းများ နှင့် မကောင်းသူထိတ် ကောင်းသူထိတ် ဆိုကာ အတင်း တွန်းပို့ နေပေတော့သည်။
နိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့အား ပူးတွဲ တည်ထောင်ခဲ့သူ ကိုဘိုကြည်က စစ်ကောင်စီ သည် ပြိုလဲရန် အခြေအနေများ ဆိုက်ရောက်လာနေပြီ ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ယခင် အာဏာရှင်ဟောင်း များထက် လက်သံပြောင်စွာ နှိပ်ကွပ်လာနေခဲ့သော်လည်း ယခု လူငယ်များသည် နည်းပညာ အားကောင်းပြီး ဖန်တီးနိုင်စွမ်း ရှိရုံမက ဆန်းသစ်သော နိုင်ငံရေး အတွေး အခေါ်များလည်း ပြည့်ဝလာကြပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ညီညွတ်မှု ရအောင်လည်း ဖေါ်ဆောင်လာနိုင်ခဲ့ကြသည်။
မြို့နေလူထုကြီးကလည်း အာဏာသိမ်းတပ်များ၏ ငရဲခွေးများ လွှတ်လိုက်သည့် အလား အိမ်များ၊ ဆိုင်များကို ဝင်ရောက် လုယက်နေပုံများ၊ ၎င်းတို့ သံသယ ရှိသူများကို အိမ်ထဲမှ ဆွဲထုတ် ရိုက်နှက် သတ်ဖြတ်ခဲ့ပုံများကို မှတ်တမ်းတင် ကာ
ဆိုရှယ်မီဒီယာများ ပေါ်မှ ဖြန့်ချီနိုင်ခဲ့၍ စစ်တပ်အဖို့ ပုန်းလျှိုးကွယ်လျှိုး လုပ်ရန် အခက်အခဲ များစွာ ရှိလာခဲ့ရပြီး စစ်ရာဇဝတ်မှုများ အတွက် မှတ်တမ်း သက်သေများ အဖြစ် ကျန်ရစ်ခဲ့ပေတော့သည်။
သို့သော် တရုတ် နှင့် ရုရှားတို့မှ လက်နက် အကူအညီများ ရနေသော စစ်တပ်ကို ချေမှုန်းနိုင်ဖို့ရန် ခက်ခဲနေဆဲ ဖြစ်ပြီး နိုင်ငံတကာ မှ ထိရောက်စွာ အကူအညီပေးလာလိမ့်မည်ဟူသော မျှော်လင့်ချက်များ မှေးမှိန်လာသည်နှင့် အမျှ မိမိတို့ အရေး မိမိတို့ ဖြေရှင်းမှ ဖြစ်မည်ဆိုကာ တော်လှန်ရေး ထဲ ပါဝင်လာသူများ များသည်ထက် များလာနေပြီ ဖြစ်သည်။
နိုင်ငံတကာ ကာကွယ်ရေး လေ့လာသုံးသပ် ထုတ်ဝေနေသည့် ဂျိမ်း စာစောင်မှ နိုင်ငံတဝှမ်းတွင် စစ်ကောင်စီကို မနားမနေ တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့ ၅၀ ခန့် ရှိနေပြီဟု ခန့်မှန်းခဲ့သည်။
တိုင်းပြည်၏ စီးပွားရေးမှာ ပြိုလဲ ပျက်စီးသွားခဲ့ရသည်နှင့် အတူ နိုင်ငံတွင်းရှိ ပြည်သူ ၅၅ သန်း ၏ အနာဂတ် သည် လုံးဝ ကွယ်ပျောက် မတတ် ဖြစ်လာခဲ့ရသည်။
မြန်မာသည် ဖါးတပိုင်း ငါးတပိုင်း ဒီမိုကရေစီစနစ်နှင့်ပင် အာရှတွင် ခေါင်းတလုံး ပြူထွက်လာတော့မည် နိုင်ငံ ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များမှ ယခင်က ခန့်မှန်း ထားခဲ့ကြပြီး ဖြစ်သည်။
မြန်မာ ငွေကြေးသည် အာရှတွင် အတည်ငြိမ်ဆုံးဖြင့် ရွေ့လျားနေသည်ဟု ကမ္ဘာဘဏ်မှ ခန့်မှန်းထားပြီး ကိုဗစ် အလွန် စီးပွားရေး အတွက် အလားအလာ အကောင်းဆုံး အနေအထားမှ နေ့ချင်းညချင်း ဆိုသလို ပြိုလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
ထိုသို့သော အနေအထားကို ၎င်းတို့က ခေါင်းမာစွာ တင်းခံနေသော်လည်း ပတ်ဝန်းကျင် နိုင်ငံများက စိုးရိမ်လာ နေကြပြီ ဖြစ်၍ ဂျပန်၊ ထိုင်း၊ တရုတ်တို့ကပင် ကိုယ်စားလှယ်များ စေလွှတ်ကာ စစ်ခေါင်းဆောင်များကို နားချ လာနေကြရသည်။
စစ်ခေါင်းဆောင်များ အနေနှင့် ထိုသူတို့အား သံတမန်ရေးအရ အသုံးချဖို့သာ စိတ်ဝင်စား နေခဲ့သူများ ဖြစ်သည်။
ဂျပန်မှ နီပွန် ဖေါင်ဒေးရှင်း ဥက္ကဌ ကို လက်ခံ တွေ့ဆုံခဲ့မှုသည် အမေရိကန် မှ ရစ်ချတ်ဆန် နှင့် အခြားနားကြီး ခြားနားနေသည်ကို ကြည့်ကာ အရေးတယူ မရှိလှကြောင်း ပေါ်လွင်နေသည်။
အမေရိကန်ကိုမူ ခမ်းနားကြီး ကျယ်သော အိမ်တော်ကြီးတွင် လက်ခံတွေ့ဆုံခဲ့ပြီး ၎င်းတို့ပိုင် သတင်း မီဒီယာများက အကြီးအကျယ် ဝါဒ ဖြန့်ခဲ့ကြသည်။
ဤသည်ကလည်း အမေရိကန် က ဝင်တိုက်တော့မည်လားဟု စိုးရိမ်တကြီး ဖြစ်နေသော အောက်ခြေပိုင်း ကို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေသယောင် ပြလို၍ လည်း ဖြစ်ပေမည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံလာသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားမှု၊ လောင်စာဆီဈေးနှုန်းများ၊ ပြည်ပမှ တင်သွင်း ရသည့် စားကုန်များ၊ ဆေးဝါးစျေးနှုန်းများ အဆမတန် မြင့်တက်လာမှု နှင့် ရင်ဆိုင်လာရသည်။
ပြည်ပကုန် သွယ်ရေး ပိုင်းတွင်လည်း တရုတ် နယ်ခြား ပိတ်ဆို့ခံထားရမှု နှင့် အတူ ပြည်ပ ကုမ္ပဏီများက ဘဏ်လုပ်ငန်းများ အပေါ် အယုံအကြည် မရှိဖြစ်လာနေခြင်းများ ကြောင့် မင်းအောင်လှိုင်ကိုယ်တိုင်ပင် ဒေါ်လာ ၃၆၈ သန်း ကုန်သွယ်ရေး လိုငွေ ပြလာနေကြောင်း ဝန်ခံလာခဲ့ရသည်။
ပြည်ပ တင်ပို့မှု ကျဆင်းလေ နိုင်ငံခြားငွေ ရရှိမှု လျော့နည်းလာလေပင် ဖြစ်သည်။ လောင်စာဆီကို ယခင်က ကဲ့သို့ မဟုတ်ဘဲ လက်ငင်းငွေချေ စနစ်ဖြင့် ဝယ်ယူလာရသည်ဟု တာဝန်ရှိသူ တဦးက ပြောသည်ကို အေပီ သတင်းတွင် ပါရှိလာသည်။
စစ်အာဏာသိမ်းပြီးချိန်ကတည်းက စလို့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်ခဲ့ပြည်သူတို့ ဘဏ်တွင် အပ်နှံထားသော ငွေများကလည်း ထုတ်မရ ဖြစ်လာသည်နှင့် အတူ နေ့စဉ်နှင့် အမျှ တန်ဖိုး လျော့နည်း ကျဆင်းလာနေပြီ ဖြစ်သည်။
စစ်အာဏာရှင် စနစ်ကို နောက်ဆုံး အမြစ်ဖြတ် တိုက်ပွဲ ဆင်နွှဲမည့် လူငယ်များက စိတ်အား ထက်သန်လျှက် ရှိကြသော်လည်း ပြည်သူများက တိုက်ပွဲ ရေရှည်လာသည် နှင့်အမျှ မထူးဇာတ်ခင်းကာ စစ်အာဏာရှင်များအား ပေးတာယူ ကျွေးတာစား ဘဝဖြင့် ဒူးထောက် အညံ့ခံလာမည့် အရေးကို အထူး စိုးရိမ်လျှက် ရှိနေသည်ဟု ရိုက်တာ သတင်းဌာနကို ပြောခဲ့ကြကြောင်း ဖတ်ရှုရပေသည်။
ဒေါက်တာ တေဇာဆန်းကလည်း သန်းခေါင်ထက် ညဉ့်မနက်၊ အဓိက သည် မိမိတို့ သွေးအေးမသွားကြဖို့နှင့် နောက်တွန့်မသွားကြဖို့သာ အရေးကြီးကြောင်းလည်း ရိုက်တာ နှင့် တွေ့ဆုံခန်းတွင် ပြောကြားသွားခဲ့သည်။
ထိုအကြောင်းကို ရိုက်တာ သတင်းဌာနက “Final Battle” ဟု အမည်ပေးထားသော ဆောင်းပါးရှည်ကြီးဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့က တခမ်းတနား ရေးသား တင်ပြလာခဲ့သည်။
ယခု အချိန်တွင် အလျော့ပေးလိုက်မည်ဆိုလျှင် စစ်အာဏာရှင်များသည် သားစဉ်မြေးဆက် ဒုက္ခပေးသွား တော့မည်သာ ဖြစ်သည်။
လက်တင် အမေရိက ရှိ နိုင်ကာရာဂွါ ဆိုလျှင် လက်ရှိ သမ္မတ အာဏာရှင် အော်တီဂါး သည် ရွေးကောက်ပွဲ များကို နည်းမျိုးစုံ ကလိန်ကကျစ် လုပ်၍ အောင်ပွဲခံလာသည်မှာ သက်တမ်း လေးကြိမ်တိုင်လာပြီး ယခုအခါ သူ၏ ဇနီးကို သူ့နေရာ ဆက်ခံရန်အတွက် ဒုသမ္မတ အဖြစ် တင်မြှောက်လာသည့် အဖြစ်အား တတိုင်းပြည်လုံး ဘာမျှ မတတ်နိုင်ဘဲ ရင်နာနာဖြင့် ကြည့်နေကြရပြီ ဖြစ်သည်။
တော်လှန်ရေး တခု ဖြစ်ပေါ်လာဖို့က ဘက်ပေါင်းစုံမှ တွန်းအားများလိုသည်။ ထိုသို့ တွန်းအားများကလည်း အလိုရှိမှ ဖန်တီးယူ၍ မရနိုင် ဆိုသည်ကို သတိချပ်ကြရမည် ဖြစ်သည်။ ရန်သူသည် ဥပါယ်တံမျဉ် အရာတွင် ၎င်း၊ ကောက်ကျစ်သည့် မာယာ ဉာဏ်ကို ခေတ်အဆက်ဆက် သင်ယူ တတ်မြောက်လာခဲ့ကြပြီးသူများ ဖြစ်သည်ကို မေ့လျော့ထား၍ မရပေ။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai