မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက မြန်မာပြည်သူအတွက် ကိုဗစ်တိုက်ဖျက်ရေးငွေ IMF၏ အကူအညီ ဒေါ်လာ ၃၇၂ သန်းကို
စာရင်းမရှင်းဘဲ အလွဲသုံးစား အပျောက်ရိုက်၊ IMF ငွေကြေးကူညီမှုနှင့်စီမံကိန်း ရပ်ဆိုင်းထား
ရန်ကုန်၊ နိုဝင်ဘာ ၄ (ရန်ကုန်ခေတ်သစ်)
မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပေးလိုက်သည့် ပြည်သူလူထု
အတွက် အသုံး ပြုရန် ကိုဗစ်ကုသတိုက်ဖျက်ရေး ရန်ပုံငွေ ဒေါ်လာ ၃၇၂ သန်းကို စာရင်းမရှင်းဘဲ အပျောက်ရိုက်သဖြင့် ယင်းငွေဒေါ်လာ
သန်းပေါင်းများစွာ ပျောက်ဆုံးနေကြောင်း IMF ၏ ပြောခွင့်ရပုဂ္ဂိုလ် Gerry Rice က နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု မတိုင်မီ ရက်ပိုင်းအလိုတွင် IMF သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် ကူညီရန် မြန်မာနိုင်ငံ
သို့ ဒေါ်လာ ၃၇၂ သန်း လွှဲပြောင်းပေးခဲ့ကြောင်း၊ သို့သော် ၈ လကြာသည်အထိ ယင်းငွေကြေးများမှာ စာရင်းရှင်းလင်းခြင်းမရှိဘဲ ပျောက်ဆုံး
နေကြောင်း IMF က ပြောသည်။
IMF ပြောရေးဆိုခွင့်ရှိသူ Gerry Rice က ” စစ်တပ်က IMF ရန်ပုံငွေကို ရည်ရွယ်ထားတဲ့အတိုင်း အသုံးပြု၊ မပြု အတည်ပြုဖို့ မဖြစ်နိုင်
ဘူး” ဟု ထုတ်ဖော်ပြောဆိုသည်။
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီသည် ပွင့်လင်းမြင်သာမှုမရှိကြောင်း IMF က ပြောသည်။
IMF က ၂၀၂၀ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသို့ COVID-19 ကယ်ဆယ်ရေး ရန်ပုံငွေ အစောပိုင်းအသုတ်အဖြစ် စုစုပေါင်း အမေရိကန်
ဒေါ်လာ ၃၆၅ သန်း ပေးအပ်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရက အသုံးပြုဝယ်ယူမှု စာရင်းဇယားများကို
ထုတ်ပြန်ရန် နှင့် COVID-19 နှင့်ပတ်သက်သည့် ကုန်ကျစရိတ်အားလုံးကို အွန်လိုင်းသုံးလပတ်အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် မြန်မာနိုင်ငံ
စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ခြင်းတို့ သဘောတူညီခဲ့ကြောင်း သိရှိရသည်။
IMF သည် မြန်မာနိုင်ငံကို စုစုပေါင်း ဒေါ်လာ ၇၂၈ သန်းကျော်ရှိသည့် ချေးငွေများကို ဝင်ငွေနည်းနိုင်ငံများအတွက် IMF အစီအစဉ်
ခေါင်းစဉ်အောက်တွင် ထောက်ပံသည့်အနေဖြင့် အကူအညီပေးခြင်းဖြစ်သည်။
ချေးငွေများသည် မူလရည်ရွယ်ချက်အတိုင်း IMF စည်းကမ်းများလိုက်နာ၍ အသုံးပြုပြီး ၁၀ နှစ် သတ်မှတ်ထားသော ကာလများတွင် သတ်မှတ်ထားသော အစီအစဉ်ဖြင့် ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။
သို့သော် စစ်ကောင်စီက အာဏာသိမ်းပြီး IMF ၏ အကူအညီ ငွေကြေးများသုံးစွဲမှုကို ထုတ်ပြန်ခြင်းမရှိတော့ကြောင်း၊ ယခင်အစိုးရသည်
IMF ရန်ပုံငွေကို ကိုဗစ်ဆိုင်ရာ ကာကွယ်ကုသရေး လက်အိတ်များ၊ Maskများနှင့် ဆေးဝါးများ ဝယ်ယူရန် အသုံးပြုခဲ့သော်လည်း စစ်
ကောင်စီကမူ စာရင်းရှင်းလင်းခြင်းမရှိဘဲ အပျောက်ရိုက် ပျောက်ဆုံးနေကြောင်း သိရှိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပထမအကြိမ် ထုတ်ပြန်ချက်တွင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ် ၃၀ ထရီလျံ (ထိုအချိန်က
ဒေါ်လာ ၂၂ သန်းခန့်)ကို ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေဟု ဖော်ပြပြီး ကျန်ငွေများအားလုံးကို စာရင်းရှင်းလင်းခြင်းမရှိတော့ ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များသည် နိုင်ငံခြားအကူအညီကို အလွဲသုံးစားလုပ်မှု ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် John Hopkins တက္ကသိုလ်မှ
သုတေသီများ၏ အဆိုအရ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများ အတွက် ကူညီထားသော အကူအညီများကို စစ်တပ်သိမ်းဆည်းခဲ့ပြီး
ဒေသတွင်း စျေးကွက်များတွင် ပြန်လည် ရောင်းချမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၌ COVID-19 အခြေအနေက ဆိုးရွားနေပြီး အောက်တိုဘာလ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံမှာ လူဦးရေ
၅၃ သန်းရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးထားကြောင်း၊ စစ်အစိုးရသည် ရုရှားနှင့် တရုတ်တို့၏ အကူအညီဖြင့် ပြည်တွင်း၌
ကာကွယ်ဆေးများ ထုတ်လုပ်ရန် စီစဉ်နေပြီး စစ်အစိုးရက တရုတ်ထံမှ နောက်ထပ် ကာကွယ်ဆေး ၂၄ သန်းကို ဝယ်ယူခဲ့ကြောင်း သိရှိရသည်။
IMF၏ အကူအညီ ဒေါ်လာသန်းပေါင်းများစွာ ပျောက်ဆုံးနေသော်လည်း စစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်က ကာကွယ်ဆေးများ
ထပ်မံလှူဒါန်းရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလျက်ရှိသည်။
IMF သည် လက်ရှိတွင် စစ်အစိုးရနှင့် ဆက်ဆံခြင်း မရှိတော့ဘဲ အာဏာသိမ်းပြီးနောက် ကပ်ရောဂါအကူအညီ ပမာဏ နှစ်ဆရရှိရေး
ဆွေးနွေးပွဲများကို ရပ်ဆိုင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန်ကြေးရှိ IMF Special Drawing Rights
(SDRs) အကူအညီကိုလည်း မပေးတော့ဘဲ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။