ၾကားသိသမွ်

တပ်ထောက်ခံပွဲများ အဆိုးဖက်ကို ဦးတည်နေဟု ရခိုင်နိုင်ငံရေးသမားများဆို

တပ်ထောက်ခံပွဲများ အဆိုးဖက်ကို ဦးတည်နေဟု ရခိုင်နိုင်ငံရေးသမားများဆို

ရခိုင်ကမြို့နယ်တစ်ချို့တွင် စစ်တပ်အသိုင်းအဝိုင်းများက စစ်တပ်ထောက်ခံပွဲများပြုလုပ်နေခြင်းမှာ အဆိုးဖက်ကိုဦးတည်နေသည်ဟု ရခိုင်နိုင်ငံရေးသမားများကသုံးသပ်ပြောဆိုကြသည်။

ရခိုင်တွင် အောက်တိုဘာ နောက်ဆုံးအပတ်မှစ၍ အမ်း၊ တောက်ကုတ်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူနှင့် ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ စစ်တွေမြို့တို့တွင် စစ်မှုထမ်းဟောင်းများ၊ စစ်တပ်မိသားစုများ ဦးဆောင်၍ စစ်တပ်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။

စစ်တပ်ထောက်ခံပွဲများပြုလုပ်နေကြသူများမှာ စစ်တပ်အသိုင်းအဝိုင်းမှဖြစ်ပြီး ရခိုင်ပြည်သူများကို ကိုယ်စားမ ပြုသလို နားလည်မှု

တည်ဆောက်နေဆဲကာလတွင် ယခုထောက်ခံပွဲများကြောင့် အမြင်လွဲချော်ကာ တိုက်ပွဲတစ် ခုကိုပင် ဦးတည်နိုင်သည်ဟု မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။

“ရခိုင်မှာ စစ်တပ်ထောက်ခံပွဲတွေလုပ်နေကြတာ ရခိုင်ပြည်မှာရှိတဲ့ သူတွေက စိတ်မဝင်စားပါဘူး။ အဓိကက တပ်မိသားစုတွေကပဲလုပ်နေကြတာ။

ပြည်မဖက်က ပြည်သူတွေကို ရက်ရက်စက်စက်နှိပ် ကွက်နေကြတာတွေ၊ မီးရှုံခံနေရတာတွေရှိတယ်။ ခုလိုအချိန်မှာ ရခိုင်ပြည်က စစ်တပ်ကိုထောက်ခံတယ်ဆိုပြီး ရခိုင်ပြည်သူတွေနာမည် တပ်ခံရတာမကောင်းဘူး။

ပြီးတော့ ခုချိန်က AA နဲ့စစ်တပ်ဟာ ငြိမ်းချမ်းရေးကို နားလည် မှုနဲ့တည်ဆောက်ထား တဲ့ကာလဖြစ်တယ်။ အဲ့ဒါကြောင့် စစ်တပ် အသိုင်းအဝိုင်းက စစ်တပ် ထောက်ခံပွဲတွေလုပ်နေတာဟာ ပြည်သူ တွေကို စိတ်အနှောင့်ယှက်ဖြစ်စေတယ်။

တစ်ဖက်နဲ့တစ်ဖက် အမြင်သဘောထားတွေလွဲချော်လာရင် တိုက်ပွဲ တစ်ခုကိုတောင်ဦးတည်နိုင်တယ်။ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်”ဟုပြောသည်။

လက်ရှိရခိုင်က စစ်တပ်ထောက်ခံပွဲမှာ စစ်တပ်ကို စစ်တပ်မိသားစုကထောက်ခံခြင်းဖြစ်ပြီး အာဆီယံအစည်း အဝေးကို ဖိတ်ကြားမခံရခြင်း

ကြောင့် မြန်မာနိုင်ငံတွင် စစ်တပ်ကို ထောက်ခံမှုရှိကြောင်းကို နိုင်ငံတစ်ကာကို ပြချင်၍သာ ထောက်ခံပွဲများပြုလုပ်နေကြခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဌ ဦးသာထွန်းလှ ကဆိုသည်။

“ရခိုင်က စစ်တပ်ထောက်ခံပွဲတွေက စစ်တပ်ကို စစ်တပ်မိသားစုတွေက ထောက်ခံတာပဲဖြစ်ပါတယ်။ နောက် တစ်ချက်က အာဆီယံအစည်းအဝေးကိုဖိတ်ကြားမခံရတာကြောင့်

စစ်တပ်ကိုပြည်သူတွေကို ထောက်ခံမှုရှိ ပါတယ်ဆိုတာကို နိုင်ငံတကာကို ပြချင်တဲ့သဘော။ ရခိုင်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်တပ်နဲ့ဟာ ရွေးကောက်ပွဲ အပေါ်မှာ ချဉ်းကပ်မှုအရ တစ်စုံတစ်ရာ နားလည်မှုနဲ့ အပစ်ခတ်ရပ်စဲနေတဲ့ ဒေသတစ်ခုဖြစ်တယ်။

အဲ့ဒါကြောင့် တစ်နိုင်ငံလုံးနဲ့ ပတ်သတ်တဲ့ နိုင်ငံရေးပြဿနာကို ဒီဒေသမှာ ခုလိုစစ်တပ်ထောက်ခံပွဲတွေနဲ့လုပ်နေတာဟာ ရခိုင် ပြည်သူတွေအတွက် ဆိုးကျိုးဖက်ကို ရောက်သွားမှာကို စိုးရိမ်ရပါတယ်”ဟုပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး၊ လူမှုရေး၊ပညာရေး အစစအရာရာထိခိုက်နေချိန် ယခုကဲ့သို့ စစ်တပ် ထောက်ပွဲများ ပြုလုပ်နေကြသည့်အတွက် တင်းမာမှုကိုဖြစ်စေနိုင်သည်ဟုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( ALD) ၏ပြောရေးဆိုခွင့်ရှိသူ ဦးဦလှမြင့်ကပြောသည်။

“ခုလို ထောက်ပွဲတွေလုပ်နေကြတာဟာ နှစ်ဖက်တင်းမာတဲ့ အဓိပ္ပါယ်ရှိတယ်။ တင်းမာတဲ့သဘာရှိတဲ့အတွက် လက်ရှိအနေအထားအရဆိုရင် နှစ်ဖက် ဆိုးကျိုးဖက်ကိုပဲဦးတည်နေတယ်။

စစ်အာဏာသိမ်းတာနဲ့ ကိုဗစ်ရောဂါ တွေကြောင့် ပြည်သူလူထုဟာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာထိခိုက်ပြီးသားဖြစ်တယ်။

ထောက်ခံပွဲတွေအပြင် ဘာတွေလုပ်ဖို့ရှိသေးလဲဆိုတာစောင့်ကြည့်ရမယ်။ ခုထောက်ခံပွဲကြောင့်လည်း ရခိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်ခြေမရှိပါဘူး”ဟုပြောသည်။

ရခိုင်ကမြို့နယ်တစ်ချို့တွင် စစ်တပ်ထောက်ခံပွဲများပြုလုပ်နေကြသော်လည်း ရခိုင်ဒေသခံပြည်သူများက ပါဝင် ခြင်းမရှိဘဲ စစ်တပ်မိသားစုများ၊ စစ်မှုထမ်းဟောင်းများနှင့် စစ်တပ်အသိုင်းအဝိုင်းမှ သူများသာဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမားများကပြောဆိုသည်။

Source; WN