ၾကားသိသမွ်

အကယ်ဒမီနှစ်ထပ်ကွမ်း (ဒေါ်)အေး အေးသင်း ဆိုတာ ရုပ်ရှင်မှာ Villain သမိုင်းမှာ Heroineဒေါ်နွဲ့နွဲ့စန်း ဖတ်မိပါစေ

ရုပ်ရှင်မှာ Villain သမိုင်းမှာ Heroineဒေါ်နွဲ့နွဲ့စန်း ဖတ်မိပါစေ

အကယ်ဒမီနှစ်ထပ်ကွမ်း (ဒေါ်)အေး အေးသင်း (၇၅နှစ်)ဟာ ဒီနေ့ ဒီဇင်ဘာ ၁၇ ရက် နံက် ၆နာရီ ၁၅မိနစ်မှာ

မှော်ဘီမြို့နေအိမ်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားပါတယ်။ ‌အေးအေးသင်း (အမည်ရင်းမအေးရီ) ဟာ

၁၄နှစ်ကတည်းကအနုပညာ စလုပ်တယ်လို့ ဆိုပါတယ်။အသက် ၁၇နှစ် မှာ ဆရာဂီတာကိုသိန်းစိုး ဝိုင်းကနေ

ဂီတလောကကို ၀င်ရောက်ပြီး ဓာတ်ပြားရ သီချင်း ၁၅ပုဒ်ခန့် ရှိခဲ့ပါတယ်။ ဒီ့နောက် သတို့သမီးအလိုရှိသည်

ဇာတ်ကားနဲ့ ရုပ်ရှင် လောကကို ၀င်ရောက်ခဲ့ပြီး ၁၉၇၁ မှာမာယာ ထောင်ချောက်နဲ့ ၁၉၇၃ မှာ ဇာခန်းဆီးနောက်ကွယ်မှာ

ဇာတ်ကား များနဲ့ အကယ်ဒမီဆု များ ရရှိခဲ့ပါတယ်။ ဇာခန်းဆီးနောက်ကွယ်မှာ.. ဇာတ်ကားထဲမှာအေး အေး သင်းက

ကောလိပ်ဂျင်နေ၀င်း ကို ပါးရိုက်တဲ့အခန်းက ကျွန်တော်တို့ ရင် ထဲ ငြိသွားခဲ့သလို အကယ်ဒမီကားတစ်ကား ဖြစ်တဲ့

ဆောင်းအိပ်မက်မှာအေးအေးသင်းရဲ့ သရုပ်ဆောင်မှုတွေကမမေ့နိုင်စရာပါပဲ။ ဇာတ်ကား၃၀၀လောက် ရိုက်ကူးခဲ့တဲ့

အေး အေးသင်းဟာ တိတ်ခွေပြဇာတ်ခေတ်မှာ လည်းအသံပြဇာတ် ၃၀၀ လောက်သရုပ်ဆောင်ခဲ့ပြီး

စတီရီယို တေးခေတ်မှာလည်းဇော်မင်းလေးနဲ့တွဲပြီး ဆိုခဲ့တဲ့”မမအေး” သီချင်းကလည်း အတော်လေး

ပေါက်ခဲ့ပါတယ်။ ဆီးရီးလည်း သုံးလေးခု လောက် ထွက်ခဲ့ပါသေးတယ်။ ဒါတင်မက ပဲ

စာရေးဆရာမအဖြစ်လုံးချင်း၀တ္ထု လေး ငါးအုပ်လည်း ရေးခဲ့ပါသေးတယ်။ ဒီလို စွယ်စုံရ အနုပညာရှင်ဖြစ်ပေမယ့်

ရုပ်ရှင် ဇာတ်ကားတွေမှာဗီလိန်(Villain) အဖြစ် ပဲ သရုပ်ဆောင်ခဲ့ရတာ များပါတယ်။

သူ့ရဲ့ ဇာတ်ပို့နိုင်စွမ်းမှာတခြားယှဉ်ပြီး ရွေး စရာ မရှိလောက်အောင်မို့သူ့ကို ပင်မ ဇာတ်ဆောင်အဖြစ်ထက်

ဇာတ်ပို့ အဖြစ်ပဲ သုံးခဲ့ကြတာ များတာပါ။သူကလည်း ကျ ရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူမို့

ပရိသတ်က တန်ဖိုးထား ချစ်ကြ ပါ တယ်။မမေ့နိုင်စရာတွေထဲမှာတစ်ခုက၁၉၈၈ခု ဒီမို ကရေစီ လှုပ်ရှားမှုထဲမှာ

တက်ကြွစွာ ပါ၀င် ခဲ့တာပါပဲ။တချို့ သရုပ်ဆောင်များလိုလမ်းပေါ်လူအုပ်ထဲပါ၀င်ခဲ့တာမျိုးလို မဟုတ်ပဲ

စင်‌ပေါ်တက်ပြီး တက်တက်ကြွကြွ ဟောပြောခဲ့တာ၊ ဟောပြောတာမှ သာမန် မဟုတ်ပဲ၁၉၈၈ စက်တင်ဘာ လဆန်းမှာ

ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ဘုန်းကြီးလမ်းထောင့် ကနေလေးဖက်လေးတန် ချီတက်လာတဲ့

စစ် ကြောင်းကြီးတွေရဲ့ အလည်စင်မြင့်ကနေအ‌ခြေခံဥပဒေ ဖျက်သိမ်းပွဲမှာသူနဲ့ သရုပ် ဆောင် မသန်းရွှေတို့

တက်ကြွစွာ ပါ၀င်ခဲ့ပုံ ကိုအခုအထိ မြင်ယောင်မိဆဲပဲ။ သူ့ကို တပ် မတော်အရာရှိတစ်ဦးရဲ့ဇနီးအဖြစ်

သိသူက သိတာမို့လည်းသူ့ပါ၀င်မှုက ပိုလေးနက် ခဲ့ ပါတယ်။စစ်အစိုးရတက်လာပြီးနောက်အနုပညာလောကထဲက

၈၈မှာ တက်ကြွ သူတွေကိုမှား ယွင်း ဆောင်ရွက်ခဲ့ကြောင်း တောင်းပန်လက်မှတ်ရေးထိုးစေပြီး

အနု ပညာ ပြန်လည်လုပ်ဆောင်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တချို့ အနုပညာရှင်များ ကတော့

၈၈မှာ တက်ကြွပါ၀င်ခဲ့မှု အရှိန် အတိုင်း နိုင်ငံရေးနယ်ထဲအထိ ရောက်၊စစ်ကြောရေးရောက်၊

ထောင်ထဲရောက် အထိ ဖြစ်ကြပါတယ်။ဒါပေမဲ့ ငါးနှစ် ခြောက်နှစ် စသဖြင့်ကာလ တစ်ခုမှာတော့

မိမိမြတ်နိုးတဲ့ အနုပညာ ဆက် ဖန်တီးခွင့်အတွက် တစ်ဖက်သတ်ဖိနှိပ်ခဲ့ တဲ့ အစိုးရနဲ့ ညှိနှိုင်းပြီး

ရှင်သန်ခွင့်ကို ရယူခဲ့ကြရတာ တွေ ရှိခဲ့ပါတယ်။ အေးအေးသင်းဟာ ၁၉၈၈ကတည်းက

အနုပညာမှန်သမျှ ဘာ မှလုပ်ခွင့်မရပိတ်ပင်ခံခဲ့ရပြီး ပြန်ရရှိအောင် တစ်ခါမှမကြိုးစားရုံမက

တစ်ဖက် ကညှိနှိုင်းလာရင်တောင် လက်မခံခဲ့ပါဘူး။ ၂၀၁၉မှာ ကမာရွတ်မီဒီယာကဆရာ ဦး ၀င်းငြိမ်း စီစဉ်မေးမြန်းတဲ့

လိပ်ပြာကူး ထူးခြားသူ များ ဆိုတဲ့ ဗီဒီယို အင်တာဗျူအစီအစဉ် မှာ အေးအေးသင်းက ဒီအကြောင်း ကို ဖြေဆိုရာမှာ

“ကျွန်မနဲ့ မသန်း ရွှေက လက်မှတ်မထိုးဖို့ ဆုံးဖြတ်တယ်။ ကျွန်မတို့က အမှားလုပ်ခဲ့တာမှ မဟုတ်တာ၊

အလကား အနုပညာ ရှင် တော့ အဖြစ်မခံနိုင်ဘူး။ပြီးတော့ ၈၈ မှာ ကလေးတွေကိုယ့်ရှေ့မှာတင် အသတ် ခံကြရတာ

ဒါကို ဘယ်လိုလုပ်မေ့နိုင်မလဲ” လို့ ဖြေဆိုခဲ့ပါတယ်။ ၁၉၉၁ မှာ ကျွန်တော် ပထမအကြိမ် ထောင်ကပြန်လွတ်ပြီး

၁၉၉၄‌ လောက်မှာ ရိုးမဘဏ်မှာ တာ၀န် ထမ်းစဉ် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်တဲ့

ဗိုလ်ကြီးအေးမြင့်နဲ့ ရင်းနှီးခွင့်ရပါ တယ်။

ပထမတော့ ဘဏ်မန်နေဂျာနဲ့ ဘဏ် ရဲ့ကာစတမ်မာ အဖြစ်ခင်ကြတာပေမယ့်

မကြာမီမှာပဲ ၈၈ တုန်းက တပ်ကအထုတ်ခံရတဲ့ဗိုလ်မှူးသောင်းထိုက် မိတ်ဆက် ပေးမှုကြောင့်

တစ်ဦးအကြောင်းတစ်ဦး ပိုသိပြီး ရင်းနှီးသွားကာသူ့ကိုလည်း အေးအေးသင်းရဲ့ ခင်ပွန်းဖြစ်ကြောင်း သိလာရပါတယ်။

အဲဒီကာလက ရုပ်ရှင်ရွှေရတု မှာ ကားဟောင်းတွေပြန်ပြတဲ့အထဲ ထွန်းဝေ တို့၊ အေးအေးသင်းတို့၊ မသန်းရွှေတို့

ကား တွေ ချန်ထားတာ စိတ်မကောင်းကြောင်း ပြောမိတော့ ဒီကိစ္စအတွက် လာညှိနှိုင်း ပေမယ့်

သူ့ဇနီးက လက်မခံခဲ့ကြောင်း ပြောပြ ပါတယ်။ တစ်ရက်မှာတော့ သူ့ခင်ပွန်း ကိုယ်စားငွေလာထုတ်တဲ့

အေးအေးသင်းကို ကျွန်တော်တွေ့ခွင့်ရပြီးဒီအကြောင်းကို မေးကြည့်တော့ သူကပြောပြပါတယ်။ “သူတို့က အစ်မဆီလာပြီး

မကြာခင် ရုပ်ရှင် ရွှေရတုမှာ အစ်မဇာတ်ကားတွေ တီဗီက ပြ စေချင်ရင်၈၈မှာ ပါ၀င်ခဲ့တာ မှားယွင်းလို့

တောင်းပန်‌ကြောင်းနဲ့ နောင်ကိုလည်း နိုင်ငံ ရေးလုပ်မည် မဟုတ်ပါကြောင်း၀န်ခံကတိ ရေးထိုးပေးမယ်ဆိုရင်

ဇာတ်ကားတွေကိုပြ မယ့်အပြင် ရုပ်ရှင်လည်းရိုက်ခွင့်ပြုမယ်လို့ ကမ်းလှမ်းတာလေ။ အစ်မက ပြောလိုက် ပါတယ်။

ကျွန်မ နိုင်ငံရေးလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ဒါပေမဲ့ ရုပ်ရှင်လည်း မရိုက်တော့ပါဘူး။

ဒါကြောင့် လက်မှတ်လည်း မထိုးတော့ ပါဘူး “လို့ပဲ ပြောလိုက်တယ်.. လို့ ဆိုပါတယ်။ ဒါကြောင့် လူညစ် တွေနဲ့ ပြတ်သားခိုင်မာတဲ့

အနုပညာရှင်ကြားမှာ ကျွန်တော်တို့ဟာ အေးအေးသင်းရဲ့ အနုပညာ ကို ခံစားကြည့်မြင် နားဆင်ခွင့် ဆုံးရှုံးခဲ့ရုံမက

သူ့ရဲ့ မမေ့နိုင်စရာ ကား ဟောင်းတွေကို ပြန်ကြည့်ခွင့်လည်းမရ၊ နှောင်းလူတို့ကိုလည်း ဝေမျှခွင့်မရ ဖြစ်ခဲ့ ပါတယ်။ အထူးသဖြင့်

ဇာခန်းဆီးနောက် ကွယ် မှာကိုအလွန်ကြိုက်ခဲ့တဲ့အတွက်ကို၀ဏ္ဏအိမ်ရောက်သခိုက်သတိရလို့ ကူးယူထားဖို့ မေးကြည့်တော့

ကို၀ဏ္ဏက ဒါရိုက် တာတစ်ယောက်က ပြန်ရိုက်ချင်လို့ ဆိုပြီး ငှားသွားရာက ပျောက်ဆုံးပြီးပြန်မရ ကြောင်း ပြောပါတယ်။

” ဒါပေမဲ့ မြန်မာ့ရုပ်မြင်သံကြားမှာတော့ ကော်ပီရှိလိမ့်မယ်၊ တစ်နေ့နေ့တော့ ပြမှာပေါ့ဗျာ” လို့ဆိုပါ တယ်။

ကျွန်တော်တော့ အခုအထိ ပြန်ကြည့်ခွင့်မရသေးပါဘူး။ အေးအေးသင်း ကွယ်လွန်ခြင်း သတင်းတွေမှာ

သူ့နိုင်ငံရေး လှုပ်ရှားမှုနဲ့ ရပ်တည်ချက်ကို ဖော်ပြတာ သိပ်မတွေ့လို့ အခုစာကို ‌ရေးဖြစ်တာပါ။ အမှန်တော့သူနဲ့ တစ်ကြိမ်သာ တွေ့ခဲ့ဖူးပြီး

သူက လည်း ကိုယ့်အကြောင်းသိသွားတဲ့ အခါ အေးအေးဆေးဆေးထပ်ဆုံပြီးစကားပြောကြရအောင်လို့ ဆိုပေမယ့်

နောက်တစ်နှစ် လောက်မှာ ကျွန်တော်က ဒုတိယအကြိမ် ထောင်ထဲ ထပ်ရောက်ပြီး သူနဲ့ တွေ့ခွင့်မရခဲ့ပါဘူး။

အခုစာ ခေါင်းစဉ်ကို အင်္ဂလိပ်နဲ့ မြန်မာ ရောတပ်မိ လိုက်တာကိုတော့ ခွင့် လွှတ်စေချင်ပါတယ်။ လူကြမ်းတို့ သူရဲကောင်းတို့ သုံးရမှာ

သိပ် မလိုက်ဖက်ဘူး ထင်မိလို့ပါ။ မကြာ သေးမီက ဗိုလ်မှူးသောင်းထိုက်နဲ့ စကားစပ်မိရာက အေးအေးသင်းကို

ကျွန်တော်ပြန်တွေ့လိုကြောင်းနဲ့ကျွန်တော့်ရဲ့ ၈၈ ဒီမိုကရေစီ လှုပ်ရှားမှု အကြောင်းစာအုပ်လေး လည်း လက်ဆောင်ပေးလိုကြောင်း

ပြော မိလို့ ‌ဗိုလ်မှူးက ကိုဗစ်ငြိမ်ရင် တွေ့ကြတာပေါ့လို့ ပြောပေမယ့် အခုတော့ တွေ့ခွင့်မရတော့ပါဘူး။

အေးအေးသင်းတစ်ယောက် ဖြစ်လေရာဘ၀မှာ အနုပညာ ပိတ်ပင်ခံရခြင်း ကင်းပါစေ လို့ ပဲဆုတောင်းပေးချင်ပါတယ်
#မောင်လွင်မွန် (ကသာ)။

ခရက်ဒစ်-