ၾကားသိသမွ်

မအလကြောင့် ထမင်းငတ်ရသည့် ဖွတ်ကျား

မအလကြောင့် ထမင်းငတ်ရသည့် ဖွတ်ကျား (သရော်စာ) ဆောင်းပါးရှင် – ကိုသာစိ အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။

“ယောက်ျားရေ။ ညက တော်ကြီးရလာတဲ့ပိုက်ဆံဘယ်မှာထားလဲ”ဟူသော အသံကြောင့် ဖွတ်ကျားတယောက် အိပ်နေရာမှ လန့်နိုးသွားသည်။

ဒါက သူ့မိန်းမ ဂျမ်းစိန်မဈေးသွားရန် ဈေးဖိုးတောင်းသောအသံမှန်း ဖွတ်ကျားသိသည်။ “တိုင်မှာချိတ်ထားတဲ့ အင်္ကျီအိတ်ထဲမှာရှိတယ်ကွာ။ ကိုယ့်ဘာသာ ယူလိုက်တော့”ဟု ဖွတ်ကျား အိပ်ချင်မူးတူး ပြောလိုက်သည်။ ပြောပြီး ဖွတ်ကျားအိပ်ရာကမထသေးဘဲ ဆက်မှိန်းနေသည်။

“ဟင် ရှင့်ပိုက်ဆံက ၅ ထောင်ထဲလား”။ ဂျမ်းစိန်မဆီက အသံထွက်လာသည်။ ညက စစစ်သားများ၊ ရဲများနှင့်အတူ ကင်းလှည့်ထား၍ အိပ်ရေးပျက်ရသည့်အထဲ သည်မိန်းမက လေရှည်နေသည်ဟု ဖွတ်ကျားတွေးလိုက်သည်။ “ညက ငါ့ကို ညကြေးမပေးသွားဘူး။

ငါလည်း မတောင်းရဲလို့ မတောင်းလိုက်ဘူး။ အဲ့ ၅ ထောင်တောင် အိမ်ပြန် နောက်ကျတဲ့ကောင်လေး အိတ်ထဲက အတင်းနှိုက်ယူထားရတာဟ။ လျှာမရှည်နဲ့။ အဲဒါနဲ့လောက်အောင်ချက်”။ ဖွတ်ကျား ဂျမ်းစိန်မကို ခပ်မာမာ ဟောက်ပစ်လိုက်သည်။

ဂျမ်းစိန်မဆီက ကျယ်လောင်စူးရှပြီး အင်အားပြင်းထန်သည့်အသံတစ်ခု ပြန်ထွက်လာသည်။ “ကိုဖွတ်ကျား။ ရှင်ကျမကို အဲ့လိုလေသံနဲ့ ဘယ်တုန်းကပြောဖူးသလဲ။ ရှင့်လေသံကို အခုပြန်ပြင်လိုက်စမ်း။ ဂျမ်းစိန်မအကြောင်း သိတယ်မို့လား။

စောစောစီးစီး ပွဲကြမ်းချင်နေတာလား” ရမလားလို့ ဟောက်လိုက်သည့် ဖွတ်ကျား အိပ်ရာမှ ချက်ခြင်းထပြီး လေသံ ပြောင်းရသည်။ “မ.. မဟုတ်ပါဘူး မိန်းမရယ်။ ငါလည်း အဲ့ ၅ ထောင်ပဲ ရလာလို့ပါကွာ။ အဲဒါလေးနဲ့ အဆင်ပြေအောင် ဈေးဝယ်ခဲ့ပါကွာ..နော်လို့” “ဟွန်း။

နာမယ်နော်။ တော်ကြီး ကြပ်ကြပ်သတိထား”။ ဂျမ်းစိန်မ ဖွတ်ကျားကို ကြိမ်းမောင်းရင်း အိမ်ရှေ့တွင် ဆော့နေသည့် သားဖြစ်သူ အာနိုးလေးကို လက်ဆွဲပြီး ဈေးဘက်သို့ ခပ်ဆောင့်ဆောင့် ထွက်သွားသည်။ အဲ့ကျမှ ဖွတ်ကျားလည်း သက်ပြင်းချရသည်။

ဖွတ်ကျားက အစိမ်းပါတီဝင်ဖြစ်သည်။ ဘာကြောင့် အစိမ်းပါတီဝင် ဖြစ်သလဲဆိုတော့ ရွေးကောက်ပွဲမတိုင်မီက ပါတီဝင်လျှင် ပိုက်ဆံပေးမည် ဆို၍ ဝင်ခဲ့ခြင်းဖြစ်သည်။

ပြီးတော့ အစိမ်းပါတီ ဦးဆောင်သူအဘများက ငွေပေါသည်။ ချမ်းသာကြသည်။ မြေကွက်များ၊ လုပ်ငန်းများစွာ ပိုင်သည်။ သည်လိုငွေပေါသည့်ပါတီဝင်မှ ငွေရွှင်မည်ဟု ဖွတ်ကျား ယူဆသည်။

ဒါကြောင့် ပါတီဝင်ခဲ့သည်။ နိုင်ငံရေးဘာညာ ဖွတ်ကျားမသိ။ ရွေးကောက်ပွဲနီးချိန်တုန်းကဆိုလျှင် ဖွတ်ကျားတို့ တနေ့တနေ့ အစိမ်းအင်္ကျီတွေဝတ်၊ အရက်ကလေး တမြမြနှင့် ကားပေါ်တက်ပြီး တနေကုန်အော်ကြဟစ်ကြ ကကြခုန်ကြနှင့် စားရေးသောက်ရေးလည်း မပူရ။ အိမ်ပြန်တော့ ငွေ ၁ သောင်းကလည်း ရသေးသည်။

ဒါကြောင့် အစိမ်းပါတီဝင်ခဲ့တာမှန်သည်ဟု ဖွတ်ကျားထင်သည်။ ဖွတ်ကျားက ယခင်က ကြုံရာကျပန်းလုပ်သည်။ ကိုဗစ်ရောဂါတွေဖြစ်သည့်နောက်ပိုင်း ကြုံရာကျပန်းအလုပ်များပင် လုပ်စရာမရှိတော့ ညဘက်တွင် တောက်တဲ့များ၊ ကြွက်များနှင့် ကင်းလှည့်သည်။

တောက်တဲ့ဟူသည်က ပြောက်ကျားဝတ်စုံဝတ်ထားသည့် စစ်သားများကို ခေါ်ဆိုခြင်းဖြစ်ပြီး ကြွက်များဟူသည်က ရဲများကို အရပ်ထဲက ခေါ်ဆိုခြင်းဖြစ်သည်။

အဆိုပါ တောက်တဲ့နှင့် ကြွက်များက အရိုက်လည်းကြမ်းသည်၊ အတောင်းအရမ်းလည်း ပက်စက်သည်။ ဂွင်လည်း ဖန်တတ်သည်။ လုယက်သည့်နေရာတွင်လည်း လက်လျှင်သည်။ စကားကိုလည်း ဗလောင်းဗလဲနှင့် ဖာကျကျ ပြောတတ်သည်။ ပြန်မပြော နားမထောင်လည်း လုပ်တတ်သည်။ မျက်နှာပြောင်လည်း တိုက်ကြသည်။

ဘယ်လောက်တောင် မျက်နှာပြောင်တိုက်သလဲ ဖွတ်ကျား ဖောက်သည်ချပါဦးမည်။ ဖေဖော်ဝါရီလနောက်ပိုင်း ဖွတ်ကျားတို့နယ်ဘက်တွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ လောင်းကစားဝိုင်းတွေက မိုးဦးကျ မှိုတွေလို ဟိုတစု ဒီတစ်စုနှင့် ပေါများလာသည်။

သည်လောင်းကစားဝိုင်းတွေက တောက်တဲ့များ၊ ကြွက်များကို လိုင်းကြေး ပေးပြီး လုပ်ကြတယ်ဆိုတာ ရပ်ကွက်ထဲ သတင်းစုံစမ်းနေသည့်ဖွတ်ကျား သိပြီးသားဖြစ်သည်။

တရက်တော့ တောက်တဲ့နှင့်ကြွက်များ ခေါင်းချင်းဆိုင်ပြီး ဂွင်ဖန်ကြသည်။ လိုင်းကြေးပေးပြီးသားကြက်ဝိုင်းကို ခပ်တည်တည် ဝင်ဖမ်းသည်။ ကြက်သမားတွေက ကားတွေ၊ ဆိုင်ကယ်တွေထားပြီး ကိုယ်လွတ်ရုန်း ပြေးကြသည်။

တပုံတပင် ကျန်ရစ်သည့် ကားနှင့်ဆိုင်ကယ်များကို တောက်တဲ့နှင့်ကြွက်များက ပျော်ပျော်ကြီး သိမ်းယူကြပြီးနောက် ကားများကို တောက်တဲ့ကြီးများထံ ဆက်သလိုက်ပြီး ဆိုင်ကယ်များကိုတော့ ရန်ပုံငွေအဖြစ် ရောင်းစားကာ ဝေစုခွဲကြသည်။

ရပ်ထဲရွာထဲမှ ဖွတ်ကျားတို့လို့ အစိမ်းပါတီဝင်တွေက သတင်းပေးသမျှ တောက်တဲ့နှင့်ကြွက်တို့က အကုန်ဖမ်းသည်။ ဖမ်းမိသူများထဲမှ ငွေကြေးရှိသူ၊ နာမည်သိပ်မထွက်သူဆိုလျှင် မိဘတွေဆီက ငွေကျပ်သိန်းပေါင်းများစွာတောင်းပြီး ပြန်လွှတ်ပေးသည်။

သူတို့လုပ်ရပ်က ဖွတ်ကျားကြည့်ဖူးသည့် မြန်မာဗီဒီယိုကားထဲကလို ပြန်ပေးဆွဲသည့်ပုံစံ ဖြစ်သည်။ ညဘက် ကင်းလှည့်ချိန်တွင်လည်း ညမထွက်ရအချိန်ကျော်ပြီးမှ အိမ်ပြန်သူတွေမိလျှင် တောက်တဲ့နှင့် ကြွက်များက ကောင်းကောင်းသမ ကြသည်။

သူတို့မကျေနပ်သမျှ ပြောပြောပြီး ရိုက်သည်။ ပြီးလျှင် ပါလာသမျှ လုယူသည်။ စခန်းကို ဖမ်းခေါ်ချုပ်ထားပြီး မိသားစုကို ငွေဖြင့်လာရွေးခိုင်းသည်။ ဒါတွေ ဖွတ်ကျားသိပေမယ့် မသိသလိုနေသည်။ ဒါတွေက ဖွတ်ကျားနှင့်မဆိုင်ဟု ခံယူသည်။

ဖွတ်ကျား ခံယူထားသည်က ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမည် ဖြစ်သည်။ ဖွတ်ကျားတယောက် ထိုသို့အတွေးနယ်ချဲ့နေစဉ် ဆောင့်ကြီးအောင့်ကြီးဖြင့် သားတော်မောင် အာနိုးလေးကို လက်ဆွဲပြီး ဂျမ်းစိန်မ ဈေးကပြန်ရောက်လာသည်။

မျက်နှာကလည်း ဒေါသကြောင့် နီမြန်းနေသည်။ သားတော်မောင် အာနိုးကလည်း မေဂျီး အရုပ်ဝယ်ပေး၊ မေဂျီး အရုပ်ဝယ်ပေးဟု အော်ရင်း တဗြဲဗြဲငိုနေသည်။ ဖွတ်ကျား။ ။”ဘာဖြစ်လာတာလဲ မိန်းမ” ဂျမ်းစိန်မ။ ။

“ဘာဖြစ်ရမလဲ တော့်သားက ဈေးထဲရောက်မှ အရုပ်လိုချင်လို့ဆိုပြီး ပူဆာတယ်။ မဝယ်ပေးတော့ အာခေါင်ကို တလံလောက် ဖြဲငိုတယ်”။ ဖွတ်ကျား။ ။ “ကလေးပဲကွာ။ ပူဆာမှာပေါ့။ ဝယ်ပေးလိုက်ပါကွ” ဂျမ်းစိန်မ။ ။ “သြော် တော်ပဲ အပြောကောင်း။ တော်ကြီးပေးလိုက်တာက ငွေ ၅ ထောင်။

ကုန်ဈေးနှုန်းတွေက တော့်အဘ မအလတို့ အာဏာသိမ်းပြီးကတည်းက တက်လာလိုက်တာ မိုးပျံနေတာပဲ။ ဒီငွေ ၅ ထောင်နဲ့ လူ ၃ ယောက်စားဖို့ ခေါင်းမီးတောက်အောင် စဉ်းစားနေရတဲ့အထဲမှာ ဘယ်လိုလုပ်ပြီး သူ့အရုပ်ဝယ်ပေးမလဲ” ဂျမ်းစိန်မပြောသည့်အထဲ “အာဏာသိမ်းသည်” ဆိုသည့်စကားပါလာတော့ ဖွတ်ကျား ဒေါသထွက်သွားသည်။

ဒါက “အာဏာသိမ်းတာ မဟုတ်၊ အာဏာထိမ်းတာပါ”ဟု ဖွတ်ကျားတို့အဘ တဖွဖွပြောထားသည်။ ဒါကို ဂျမ်းစိန်မက “အာဏာသိမ်းတာ”လုပ်နေသည်။ ဖွတ်ကျား လက်မခံနိုင်ဘဲ ငြင်းရတော့မည်။ ဖွတ်ကျား။ ။ “အာဏာသိမ်းတာလို့ မပြောစမ်းနဲ့ ဂျမ်းစိန်မ။ အာဏာထိမ်းတာပါလို့ ငါတို့အ ဘက တဖွဖွ ပြောထားပြီးသား။

မင်းစကားကို ကြည့်ပြော”။ဂျမ်းစိန်မ။ ။ “ပြည်သူတွေ မဲပေးထားတဲ့အစိုးရကို ဗလိုင်းကြီးဖမ်း၊ ထောင်ထဲထည့်ပြီး တိုင်းပြည်အာဏာလုတာ။ အဲဒါ အာဏာသိမ်းတာမဟုတ်လို့ ဘာတုန်း ပြောစမ်းပါဦး ဖွတ်ကျားရဲ့”။

ဖွတ်ကျား။ ။ “အာ ဒီမိန်းမတော့ ခက်နေပြီ။ မင်းဟာက ပြောလေကဲလေ မန်းလေပြဲလေဖြစ်နေပါလား”။ ဂျမ်းစိန်မ။ ။ “ပြောရမှာပဲ။ ရှင်တို့အဘ မအလ အာဏာသိမ်းပြီးကာမှ ဒီတိုင်းပြည်မှာ ဘာတိုးတက်တာ၊ ကောင်းတာ ရှိသလဲ ပြောစမ်းပါဦး။ လူတွေမှာ အလုပ်လက်မဲ့တွေဖြစ်၊ ကျုပ်လို အဝတ်လည်လျှော် မီးပူတိုက်၊ သန့်ရှင်းရေး လုပ်တဲ့လူတောင် အလုပ်မရှိဘူး။

ကုန်ဈေးနှုန်းတွေကတက်၊ ဒီကြားထဲ ကိုဗစ်ကဖြစ်၊ ဆေးရုံက တက်မရ၊ အောက်စီဂျင်က မရှိ။ ညဆိုလည်း ရှင် ဘုရားထူးနေတဲ့ တောက်တဲ့တွေက သေနတ်တွေ ဖောက်လိုဖောက်၊ အိမ်တွေ ဝင်ရှာ၊ ဧည့်စာရင်းတွေ စစ်။

တွေ့သမျှလူဖမ်းပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်း၊ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ ဘာကောင်းတာရှိလဲ ပြောပါဦး ဖွတ်ကျားရဲ့ ” ဂျမ်းစိန်မအသံက တရပ်ကွက်လုံး ဟိန်းထွက်နေသည်။

မျက်နှာကလည်း ပို၍နီမြန်းလာသည်။ ဒီတကြိမ်မှာတော့ ဖွတ်ကျား ဒါတွေ ဂရုမစိုက်နိုင်တော့။ သူထောက်ခံသော အဘများကို စော်ကားနေသည့် ဂျမ်းစိန်မကို အမြင်မှန်ရအောင် ပြောမှကိုဖြစ်တော့မည်ဟု ဖွတ်ကျားတွေးသည်။ ဖွတ်ကျား။ ။

“မင်းဘာလို့ မဟုတ်မဟတ်တွေ လျှောက်ပြေနေတာလဲ။ အဘတို့က အာဏာကို ခဏပဲ ထိမ်းပေးထားတာ။ ရွေးကောက်ပွဲလုပ်ပေးပြီးရင် အာဏာပြန်လွှဲပေးမှာ။

အဲဒါ မင်းသိလား” “ဖြန်း” ဖွတ်ကျားစကားအဆုံးတွင် သည်းမခံနိုင်တော့သည့် ဂျမ်းစိန်မက ဈေးကဝယ်လာသည့် ကန်စွန်းရွက်စည်းဖြင့် ဖွတ်ကျားခေါင်းကို ရိုက်တော့သည်။

“ဘာရွေးကောက်ပွဲလဲ” “ဖြန်း” “မအလ သမ္မတဖြစ်ဖို့ လုပ်မယ့်ရွေးကောက်ပွဲလား” “ဖြန်း” “မင်း မင်း လက်မပါနဲ့နော် ဂျမ်းစိန်မ” “ပါတော့ ဘာဖြစ်လဲ” “ဖြန်း” “မင်း တော်တော်လွန်နေပြီနော်” “ဖြန်း” “ဒီလောက် တိုင်းပြည်ကို စုတ်ပြတ်သတ်ပြီး မွဲပြာကျအောင်လုပ်နေတဲ့ ဒီ မအလကို ဘုရားလိုကိုးကွယ်နေတဲ့ရှင့်ကို ကန်စွန်းရွက်စည်းနဲ့တင် မဟုတ်ဘူး။

တင်းပုတ်နဲ့ကို ထုချင်တာ။ လာခဲ့” “ဖြန်း” “ဖြန်း” “ဖြန်း” ခြေသွက်လက်သွက် ဂျမ်းစိန်မဒေါသကို ဖွတ်ကျားသိသည်။ အဲတော့ ပုဆိုးစွန်တောင်ဆွဲပြီး အိမ်နောက်ဖေးပေါက်ကနေ ဖွတ်ကျား သုတ်ခြေတင် ပြေးရတော့သည်။

လမ်းထိပ်ဇရပ်ရောက်မှ အမောဖြေရင်း ဖွတ်ကျား ဗိုက်က တဂွီဂွီ မြည်လာသည်။ သူ မနက်ကတည်းက ဘာမှ မစားရသေးမှန်း အခုမှသိသည်။ ဒီနေ့အတွက် အိမ်ပြန်လို့လည်း မဖြစ်တော့။ ဆာလောင်နေသည့်ဗိုက်ကို ပွတ်ရင်း ဖွတ်ကျားညည်းမိသည်။ “သြော် မအလ မအလ”

ခရက်ဒစ်-