ပြည်ဖျက်တပ်များ အပေါ် ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် အရှိန် မြင့်တက်လာနေ
စစ်ကောင်စီ သည် နိုင်ငံတကာ တွင် ခေါင်းမဖေါ်ရဲအောင် ဖြစ်လာနေသည်နှင့် အမျှ ပြည်တွင်း တွင်လည်း ပြည်သူတို့၏ လက်နက်ကိုင်
တွန်းလှန်တိုက်ခိုက်မှုများကြောင့် အကျအဆုံးများ တနေ့တခြား မြင့်တက်လာနေပြီ ဖြစ်သည်။
အမျိုးသားညီညွတ်ရေး အစိုးရ ၏ တိုက်ပွဲခေါ်သံ ခရာမှုတ်ခဲ့ပြီး နောက် တနိုင်ငံလုံး တွင် PDF တပ်ဖွဲ့ပေါင်း ၃၄၀ ရှိလာနေပြီး ထိတွေ့
တိုက်ပွဲပေါင်း ၁၃၂ ကြိမ် ဖြစ်ပွားခဲ့ရာ ဩဂုတ်လထက် နှစ်ဆ မြင့်တက်လာခဲ့သည်ဟု သိရသည်။ စစ်ကောင်စီဖက်မှ တပ်သား ၁,၅၆၀ ကို
ယမမင်းထံ မှတ်ပုံတင်ပေးခဲ့ပြီး ၅၅၂ ဦး ဒဏ်ရာရ ရှိ သွားခဲ့သည်ဟု NUG မှ ကြာသပတေးနေ့တွင် ထုတ်ပြန်သော စာရင်းအရ သိရသည်။
သို့သော် အကြမ်းဖက် စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းကမူ “သူတို့ ပြောသလောက်သာ သေမယ် ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်မယ့်လူ ကျန်မှာတောင် မဟုတ်” ဟု ငြင်းဆိုသွားခဲ့သည်။
နောက်ထပ် စစ်ကောင်စီ အပေါ် စီးပွားရေး ထိုးနှက်ချက် အဖြစ် တာဝါတိုင်များအား ဖေါက်ခွဲဖျက်ဆီးနိုင်ခဲ့ပြီး၊ ပြီးခဲ့သည့် ရက် ၃၀ အတွင်း
စစ်တပ်ပိုင် မိုင်တဲ တာဝါတိုင်ပေါင်း ၁၂၀ ခန့် မြေပြင်သို့ ဗုန်းဗုန်းလဲကျသွား ခဲ့ပြီဖြစ်ရာ စစ်တပ်အတွက် ဒေါ်လာ ၁၀.၃ သန်း ဆုံးရှုံးသွားခဲ့ရ
ကြောင်း မိုင်တဲလ် တာဝန်ရှိသူများက ထုတ်ပြန် ကြေညာလာသည်။ ၎င်းတို့၏ ခန့်မှန်းချက်အရ တာဝါတိုင် တတိုင်လျှင် မြန်မာ ကျပ်ငွေ သန်း ၁၅၀ မှ ၂၅၀ အကြား ရှိသည်ဟု ဆိုသည်။
အကြမ်းဖက် အဖွဲ့က မြေမြှုပ်မိုင်း များ ချထားပြီး အကာအကွယ် ပေးလာသော်လည်း တာဝါတိုင် ပြင်ဆင်ရန် ရောက်လာသည့် ဝန်ထမ်းများကိုသာ ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
စစ်တပ်အနေနှင့် အနီးအနား ရှိ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်တုန့်ပြန်လာပြန်သဖြင့် PDF အတွက် အင်အားများ စုဆောင်းပေးသလို ဖြစ်လာနေပြန်သည်။
လက်နက်အသာ ဖြင့် ထိတ်တိုက် ရင်ဆိုင် တိုက်ပွဲများတွင်သာ အတွေ့အကြုံ ရှိသော အကြမ်းဖက် စစ်တပ်အဖို့ နယ်မြေ ကျွမ်းကျင်ပြီး
လူထု၏ ထောက်ခံမှု အပြည့်အဝ ရထားသော ပြည်သူတို့၏ ပြောက်ကျားစစ်ကို မည်သို့ မျှ ခံနိုင်ရည် မရှိ ဖြစ်လာနေသည်။
PDF များသည် ပြောက်ကျားနည်းဗျူဟာ ဖြင့် စစ်ကောင်စီ တပ်များ၏ စိတ်ဓါတ်များကျဆင်းကာ ပျက်သုဥ်းရေး ဆီသို့ ဦးတည်မည့် အမှည့်ချွေ စစ်ပွဲ War of Attrition ကို ဦးစားပေး ဆင်နွှဲသွားမည် ဟု ပိုင်းဖြတ်ထားပုံ ရှိသည်။
တပ်အင်အားများကို နယ်စပ်ဒေသများမှ ထုတ်နှုတ်သုံးစွဲနေရသော်လည်း ထိုအနေအထားကို ထိထိရောက် ရောက် အသုံးချနိုင်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထွက်ပေါ်မလာသေးပေ။
မင်းအောင်လှိုင်သည် သူအုပ်ချုပ်နေသော ကာလ အတွင်း ရေလွှမ်းမိုး မှု မဖြစ်ခဲ့ဟု ဆိုကာ မင်းကောင်းမင်းမြတ် သဖွယ် အထင်ရောက်ရန်
လှည့်ဖျားနေသော်လည်း နိုင်ငံ အတွင်း ဒေါ်လာ လဲလှယ်နှုန်း နှစ်ဆ တိုးလာမှု နှင့်အတူ အခြေခံ စားကုန်ဈေးနှုန်းများက တရိပ်ရိပ် မြင့်တက်လာနေသည် ကိုတော့ မည်ကဲ့သို့လှည့်စားမည် ဆိုသည်အား အကြံ ထုတ် နေတုန်းဟု ယူဆ၍ ရပေသည်။
ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် သယ်ယူ ပို့ဆောင်စရိတ်များ တက်လာခြင်းသည် မည်သို့မျှ
ငြင်းမရသော အချက် ဖြစ်နေပြီး ယခုအခါ စားသုံးဆီ ဈေးနှုန်းသည် ယခင်က ထက် ၅၀% မြင့်တက်လာရကာ သာမန် အိမ်ထောင်စု များ အတွက် လက်လှမ်းမမှီနိုင်သည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်သည်။
ဒေါ်လာ လဲလှယ်နှုန်း ၁,၁၅၀ ကျပ် ရှိခဲ့ချိန်တွင် စားသုံးဆီ ဈေးနှုန်းသည် တပိဿာ (၁.၆ ကီလိုဂရမ်) အား ၂,၀၀၀ ကျပ်နှင့် ရောင်းချနိုင်ခဲ့
သော်လည်း ယခုအခါ တွင် သမိုင်းတလျှောက် တခါဖူးမျှ မဖြစ်ခဲ့သည့် တပိဿာ ၆,၀၀၀ ကျပ်အထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆီ လက်လီ လက္ကားကုန်သည်ကြီး တဦးက ဗီအိုအေ ကို ပြောပြခဲ့သည်။
ထို့အတွက် အိမ်ထောင်စု ဝင်ငွေ ပျမ်းမျှ ကျပ် လေးသိန်း ခန့် ရ ရှိသော မိသားစုများ အဖို့ လွန်စွာ ကြပ်တည်း သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ဗီအိုအေ ကို ရင်ဖွင့်ပြောဆိုလာခဲ့ကြသည်။
ထိုအခြေအနေသည် မြို့ပြ လူတန်းစားများသာမက လူဦးရေ ၇၀% နေထိုင်ရာ တောနေ တောင်သူ များပါ ထိခိုက် လာရပြန်သည်။ ကျပ်
ငွေတန်ဖိုး ကျဆင်းခဲ့ခြင်းကြောင့် ပုလဲ ဓါတ်မြေဩဇာ ဈေးသည် တအိတ်လျှင် ၆၅,၀၀၀ ကျပ် မှ ၇၉,၀၀၀ ကျပ်အထိ တပတ် အတွင်း မြင့်တက်သွားခဲ့သည်။ ထိုမျှသာ မကသေး လယ်ယာသုံး စက်ပစ္စည်းများ ငှားရမ်းခသည်လည်း နှစ်ဆ မြင့်တက်သွားခဲ့သည်။
စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း က မူ လက်ရှိ အနေအထား ကို ဖြေရှင်းနိုင်ရန် အကောင်းဆုံး ကြိုးပမ်း သွားမည်ဟု ဆိုသော်လည်း
၎င်းတို့ အဖို့ ယတြာချေ၍ ရလောက်သည့် ကိစ္စ မဟုတ်မှန်း သိ၍ မည်သူကမျှလည်း အားတက်သရော ပြောဆိုကြခြင်း မရှိတော့ဘဲ ကုန်း၍ ရုန်း၍သာ ၎င်းတို့ ပြုတ်ကျ မသွား မချင်း တောင့်ခံသွား ကြမည်ဟု သံဓိဋ္ဌာန် ချထား ကြ ပုံ ရှိသည်။
ယခင်ကလည်း လူလေးသိန်းခန့် အနေအစား ချောင်ရေး၊ တိုင်းပြည်ဘဏ္ဍာ ကို ထင်သလို နှိုက်ယူခွင့် ရရေး တို့ အတွက် စိတ်ကြိုက် ရေးဆွဲ
ခဲ့သည့် ဖွဲ့စည်းပုံ နှင့်ပင် ပြည်သူတို့ ရွေးချယ် တင်မြှောက်ခဲ့ကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတော် အတိုင်ပင်ခံ ၏
လမ်းညွှန်မှု အောက်တွင် တိုင်းပြည်ကို တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သည်ကို မျက်ဝါးထင်ထင် သိရှိလာခဲ့ကြ၍လည်း ယခုအခါ ၎င်းတို့
လုံးဝ ဝင်ရှုပ်၍ မရတော့မည့် ခေတ်ကြီးသို့ ရောက်လာတော့မည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြခြင်းပင် ဖြစ်သည်။အောက်တွင် ပြည်သူတဦး၏ မချိတင်ကဲ ရေးထားခဲ့သည်ကို ပြန်လည် မျှဝေပါသည်။
ဒီအချိန်ဆို ညောင်နှစ်ပင်စက်မှုဇုံ စပြီ ၊လျှပ်စစ်မီး တစ်နိုင်ငံလုံး 60% လွှမ်းခြုံပြီ ၊YBS ကတ် စနစ်စပြီ၊တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
pilot projectစပြီ၊တီးတိန် မှာ လေယာဉ်ဆင်းပြီ၊ဘုရားကြီး သထုံအဆင့်မြင့် အဝေးပြေးလမ်းမကြီးစပြီ၊နေပြည်တော်မှာ Japan, Malaysia, Thai နိုင်ငံတွေကဖွင့်မည့်တက္ကသိုလ်စီမံကိန်းတွေစပြီ၊Covit19 အိန္ဒိယ ဆေးထိုးပြီးပြီ၊ဒဂုံမြို့သစ်မှာ ထိုင်း project စပြီ
ဒဂုံမြို့သစ်မှာ ကုတင်၁၀၀၀ ဆေးရုံစပြီ၊ရန်ကုန်မြို့သစ် စီမံကိန်းစပြီ၊လှည်းကူးမှာ Japan စီမံကိန်းစပြီ၊နေပြည်တော်မှာ ပညာမြို့တော်
တည်ပြီ၊ရန်ကုန်မှာ MRT လိုင်းတွေစပြီ၊ဝန်ထမ်းတွေ ကားဝယ်ခွင့် ရပြီ၊ပြည်တွင်းထုတ် တိုယိုတာကား စီးရပြီ၊ရန်ကုန်-မန္တလေး ရထား
လမ်းလည်း အတော် ပြီးလောက်ပြီ၊ပဲခူး international လေဆိပ်စပြီ၊ငွေဆောင်-ဂွ-ကမ်းရိုးတန်း ပတ်လမ်းစပြီ၊ရန်ကုန်နေပြည်တော်ဝန်ထမ်းအိမ်ယာစီမံကိန်း၊အငှား အိမ်ယာစီမံကိန်းများ၊သီလဝါ second phase စပြီ၊တနိုင်ငံလုံးအစိုးရတင်ဒါလုပ်ငန်းများ ပဲခူးတိုင်းတခုထဲ ၂၀၀ကျော် ချပေးပြီး
ထိုသို့သော အစိုးရမျိုး အား ပြည်သူတို့ သောင်ပြိုကမ်းပြို မဲပေးခဲ့ကြသည်ကို မဲခိုးသည်ဟု စွပ်စွဲ လာကြပြီး လေးသိန်းခန့်သာ ရှိမည့် ၎င်းတို့ အဖွဲ့အစည်း ကောင်းစားရေး အတွက် တိုင်းပြည်ကို ဖျက်ဆီး ပြစ်ခဲ့ ကြ လေပြီ။
ဓါတ်ပုံသည် Burma Campaign (UK) မှ လန်ဒန် ရှိ လက်စတာ မြေအောက် ဘူတာရုံကြီးတွင် ၂၀၀၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ချိတ်ဆွဲထားခြင်း ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်လာသည့် တိုင် သူမအား စစ်တပ်မှ ထိတ်လန့်ကြောက်ရွံ့နေဆဲပင် ဖြစ်သည်၊
ဓါတ်ပုံသည် Burma Campaign (UK) မှ လန်ဒန် ရှိ လက်စတာ မြေအောက် ဘူတာရုံကြီးတွင် ၂၀၀၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ချိတ်ဆွဲထားခြင်း ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်လာသည့် တိုင် သူမအား စစ်တပ်မှ ထိတ်လန့်ကြောက်ရွံ့နေဆဲပင် ဖြစ်သည်၊ Photo Credit – Asia Times
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai