ၾကားသိသမွ်

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် ဦးဖြိုးမင်းသိန်း သက်သေ ထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှု လေးမှုကို ဒီနေ့ နေပြည်တော်မှာရှိတဲ့အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

အဲဒီအမှုလေးမှုထဲက သုံးမှုရဲ့ သက်သေတွေကို ဒီနေ့မှာ စစ်ဆေးခဲ့ပြီး အဲဒီထဲက ရာဇဝတ်ကြီးအမှုအမှတ် ၂ ဖြစ်တဲ့အမှုမှာ

တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာရောက်ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

” ရာဇဝတ်ကြီး အမှု အမှတ် ၂ ကတော့စိတ်ဝင်စားစရာကောင်းပါတယ်။ ဦးရဲထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမှုပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးရဲထက်ကတိုင်ထားတဲ့အမှုပါ။

အဲဒီအမှုက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေချောင်းတွေ၊ ဒေါ်လာတွေ ပေးတယ်ဆိုပြီး စွဲဆိုထားတဲ့အမှုပါ။

စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲ ပေးပါတယ်ဆိုတဲ့အမှုကို ပထမဆုံး စစစ်ပါတယ်။

တရားလို ဦးရဲထက် ကိုစ စစ်ပါတယ်။ ဦးရဲထက် မစစ်ခင်တည်းက တိုင်းတရားလွှတ်တော်တရားသူကြီးကို ကျွန်တော်တို့ လျှောက်ပါတယ်။ အမှုရဲ့ စွဲချက်တို့ ရှာဖွေပုံစံတို့အကုန်ပေါ့။ တရားရုံးကိုရဲတင်ထားတဲ့စာရွက်စာတမ်းတွေက မကြာခင်ကမှရတယ်။

ဒီမနက်မှ ဒေါ်စုလက်ထဲကို ရောက်တယ်။ ဒီဟာနဲ့ပတ်သက်လို့ သူ့လမ်းညွန်မှုကို ယူဖို့ကလည်း သူလည်း ဒီမနက်မှရတော့ ပြည့်ပြည့်စုံစုံမလုပ်နိုင်လို့မစစ်ပါနဲ့ပြောပေမယ့် တရားသူကြီးက ၁၅ ရက်လောက်ခွာစစ်ထားလို့ ပြန်ချိန်းဖို့အခက်အခဲရှိတယ်ဆိုပြီး စစ်ပါတယ်။

ဦးရဲထက်ကတော့ ဘာလို့စွဲတင်တယ် ဘယ်လိုစွဲတင်တယ်ဆိုတာထွက်သွားပါတယ်။ ပြန်လှန်စစ်မေးဖို့ကျတော့ ဦးရဲထက်ကို နောက်တစ်ချိန်းမှ ပြန်လှန်စစ်မေးဖို့ လုပ်ပါတယ်။ နောက် အရပ်သားသက်သေဆိုပြီးခေါ်ပါတယ်။ ဘယ်သူရယ်လို့ဖော်မထားဘူး။

ရောက်လာတဲ့အခါကျတော့ ဦးဖြိုးမင်းသိန်းဖြစ်နေပါတယ်။ ဦးဖြိုး မင်းသိန်းကတော့ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်ထဲကအတိုင်းပဲ ထွက်သွားပါတယ်။ ဘယ်ကားနဲ့ ဘယ်လို လာတယ်။ ပထမတစ်ကြိမ် ဘယ်လို၊ ဒုတိယကြိမ်ဘယ်လို၊ တတိယအကြိမ် ဘယ်လိုပေါ့။

နောက်ထူးခြားတာကတော့ သူက မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကိုပေးဖို့ဆိုပြီး ကိုးလက်မရှိတဲ့ ရွှေဆင်းတုတစ်ဆူကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးလိုက်ရတယ်လို့ ဆိုပြီး ပါတယ်။

တိုင်တဲ့ထဲတော့မပါဘူး ဒီကိစ္စက။ ဒါပေမဲ့ ဒီမှာထည့်ပြောသွားတယ်” လို့ ဦးခင်မောင်ဇော်က ဒီနေ့ စစ်ဖြစ်တဲ့တရားခွင်နဲ့ပတ်သက်လို့ ပြောကြားပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ တရားလိုဦးရဲထက်နဲ့ ဦးဖြိုးမင်းသိန်းတို့ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းမေးဖို့ နောက်ရုံးချိန်းမှာ စီစဉ်ထားပြီး နောက်ရုံးချိန်းက အောက်တိုဘာ ၈ ရက်နေ့ကိုပြန်ချိန်းထားကြောင်း ပြောပါတယ်။

တရားခွင်ကိုရောက်လာတဲ့ ဦးဖြိုးမင်းသိန်းက အတော် ပိန်ချုံးပြီး ညှိုးငယ်နေကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။ နောက်ရုံးချိန်း

အတွက် သက်သေတွေ ရဲ့သဘောထားကိုမေးတဲ့အခါ ဦးဖြိုးမင်းသိန်းက ဒီကိစ္စတွေကို သူကိုယ်တိုင်စီစဉ်ရတာမဟုတ်ကြောင်းနဲ့ သူ့မှာ

နှလုံးရောဂါလည်းရှိ၊ ကိုဗစ်လည်းဖြစ်ထားကြောင်းနဲ့ ကျန်းမာရေးမကောင်းကြောင်းသာပြန်လည်ဖြေကြားခဲ့တယ်လို့ ပြောကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။

ကျန်သုံးမှုထဲက ၂ မှု သက်သေတွေကိုလည်း ဒီနေ့မှာ စစ်ဆေးခဲ့ပြီး အမှုတချို့အတွက် ပူးတွဲစွပ်စွဲခံရသူတွေထဲ နေပြည်တော်ကောင်စီဝင်

ဦးမင်းသူရဲ့ရှေ့နေမှာ ဒီနေ့ တရားခွင်မှ ရှေ့နေ ပါဝါတင်ခွင့်ရတာကြောင့် အမှုစာရင်းဖော်ပြချက်ထဲ နာမည်မပါသေးတဲ့အတွက် တရားခွင်ထဲဝင်ခွင့်မရခဲ့ဘူးလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။