ၾကားသိသမွ်

စစ်ကောင်စီကို အပြုတ်တိုက်မယ်။ NUG ကတိတည်ဖို့လိုတယ်

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ လူဦးရေအနည်းပါးဆုံးနှင့် ဧရိယာအသေးငယ်ဆုံး ပြည်နယ်တစ်ခုဖြစ်သည်။ သို့သော် တိုင်းပြည်၏ နိုင်ငံရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးနှင့်ပတ်သတ်၍ ရှေ့ဆုံးမှ တက်ကြွစွာ ပါဝင်ဆောင်ရွက် နေသော ပြည်နယ်တစ်ခုဖြစ်သည်။

တိုင်းပြည်ကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်အားကိုးဖြင့် အာဏာသိမ်း ချိန်တွင်လည်း ကရင်နီလူငယ်များက ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခဲ့သလို

စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့သည့် နောက်ပိုင်း ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်စွဲကိုင်ကာ အသက်စွန့် ခုခံတိုက်ခိုက်ခဲ့ကြသည်။

လက်ရှိတွင် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖရူဆိုမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဖယ်ခုံမြို့နယ် တို့၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDF၊

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPDF၊ ကရင်နီတပ်မတော် – KA၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ နေပြည်တော် PDF တို့က စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

ကယားပြည်နယ်၏လက်ရှိ တိုက်ပွဲအခြေအနေ၊ စစ်ဘေးရှောင်များ၏အခြေအနေ၊ CRPH နှင့် NUG အစိုးရတို့အပေါ် သဘောထားများ၊ PDF များ၏ နိုင်ငံရေးရည်မှန်းချက်၊

နွေဦးတော်လှန်ရေးအောင်မြင်ပြီးနောက် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သတ်၍ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDF ၏ စစ်ရေးတာဝန်ခံ ဗိုလ်မျက်မှန်အား ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါတယ်။

မေး – လက်ရှိဖြစ်ပွားနေတဲ့ ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေ ပြောပြပေးပါ။
ဖြေ – တိုက်ပွဲဖြစ်နေတာက ဒီးမော့ဆိုရယ် ဖယ်ခုံရယ် ဖြစ်နေတာ။ အခုဆိုရင် မိုးဗြဲနားတဝိုက်မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိတယ်။ အဓိကခိုနေတဲ့ဟာပေါ့လေ။ မနေ့ညနဲ့ ဒီနေ့ကတော့ စစ်ကောင်စီဘက်က နည်းနည်းငြိမ်သွားတယ်။

ပြီးတော့ သူတို့ လွိုင်ကော်ဘက်ကို ဆုတ်လာတာလည်းရှိတယ်။ အခုတော့ စစ်ကြောင်းတွေ၊ စစ်အင်အားတွေ ထပ်ပို့တော့ လွိုင်ကော်ကနေ စစ်ကြောင်းထွက်လာမယ်။ အဓိကတိုက်ပွဲဖြစ်နေတာတော့ ဒီးမော့ဆိုမှာ အဓိကဖြစ်နေတာ။ တိုက်ပွဲ ၅ ပွဲဆက်တိုက်ကို ဖြစ်တာ။

မေး – အထိအခိုက်အကျအဆုံး ဘယ်လိုရှိပါသလဲ။
ဖြေ – ကျနော်တို့တွေ့တာကတော့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက်တော့ သေဆုံးတာ အတည်ပြုနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ၂ ယောက် ကျတယ်။

မေး – ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့အခြေအနေကိုလည်း ပြောပြစေချင်ပါတယ်။
ဖြေ – လူထုတွေကတော့ ဒီးမော့ဆိုမြို့နယ် လမ်းဘေးရွာတွေမှာ လူထုတွေ မရှိတေော့ဘူး။ လွတ်ရာကျွတ်ရာ ပြေးကုန်ပြီ။ ရွာပေါင်း ၃၀ ၊ ၄၀ ဝန်းကျင်လောက်ကတော့ စစ်ရှောင်စခန်းတွေနဲ့ သူတို့ဆွေမျိုးတွေရှိတဲ့နေရာတွေမှာ တိမ်းရှောင် နေရတယ်။

မေး – ကလေးတွေကို ပညာရေးမနောက်ကျအောင် စစ်ရှောင်စခန်းတွေမှာ စာသင်ပေးတာရှိတယ်လို့ ကြားရတယ်။ အခုတိုက်ပွဲတွေဖြစ်နေတော့ စာသင်တာတွေ ဆက်လုပ်နေဖြစ်လား။

ဖြေ – ကလေးတွေ စာသင်တာကတော့ ဆက်ပြီးတော့ အကောင်အထည်ဖော်နေပါတယ်။ စာဆက်သင်ပေးနေပါတယ်။ စစ်ကြောင်းမရောက်ဘူးဆိုရင် စာသင်တဲ့ကိစ္စက ဆက်လုပ်နေမှာပါ။ တိုက်ပွဲနီးလာရင်တော့ ရွှေ့ရမယ့်အခြေအနေ ရှိတာပေါ့။ ဒီအပေါ်မူတည်ပြီးတော့ စာသင်တာက ဆက်လုပ်နေဦးမှာပါပဲ။

မေး – KNDF အဖွဲ့အနေနဲ့ NUG အစိုးရနဲ့ ချိတ်ဆက်မှုရှိသလား။
ဖြေ – ကျနော်တို့ သိသလောက်ကတော့ NUG၊ CRPH နဲ့ ကျနော်တို့ ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေပါတယ်။

မေး – KNDF အဖွဲ့အနေနဲ့ စစ်ရေးဆိုင်ရာကိစ္စတွေမှာ ဘာတွေအခက်အခဲ အကြပ်အတည်းရှိနေလဲ။

ဖြေ – စစ်ကောင်စီနဲ့ တိုက်ခိုက်တဲ့နေရာမှာ အဓိကလိုနေတာတော့ တိုက်ခိုက်ရေးနဲ့ပတ်သတ်တဲ့ လက်နက်ပစ္စည်းတွေ၊ ကိရိယာတွေ လိုအပ်နေပါတယ်။ လုံလုံလောက်လောက် မရှိပါဘူး။

တလျှောက်လုံးမှာ ရှိတာနဲ့ပဲ တိုက်လာခဲ့တာပါ။ အခုဆို တိုက်ခိုက်လာတာ ၄ လရှိပြီ။ ရှိတာလေးနဲ့ပဲ တိုက်နေကြတာ။ တူမီးသေနတ်တွေ၊ လက်လုပ်သေနတ်တွေ၊ ဒါလေးနဲ့ပဲ စစ်ကောင်စီကို ပစ်နေရတယ်။

မေး – KNDF အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအပေါ် ဘယ်လိုမျှော်မှန်းထားလဲ။
ဖြေ – ကျနော်တို့ကတော့ ဒီတိုက်ပွဲကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်တဲ့အထိ တိုက်မယ်။ စစ်ကောင်စီကိုလည်း တပါတည်း ဖြုတ်သိမ်းနိုင်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တပါတည်း သွားနိုင်တဲ့ အခြေအနေဖြစ်အောင် ကျနော်တို့ ရည်မှန်းထားတယ်။

မေး – နွေဦးတော်လှန်ရေးအောင်မြင်ခဲ့ရင် ဘယ်လိုပုံစံနဲ့ ခရီးဆက်ဖို့ရှိမလဲ။
ဖြေ – KNDF မှာ တိကျရှင်းလင်းတဲ့ပေါ်လစီတွေ ရှိပါတယ်။ ကျနော်တို့က ပေါ်လစီနဲ့သွားရတဲ့အတွက် ကျနော်တို့ ရဲဘော်ပုံစံကို အမျိုးအစားလိုက် ခွဲထားပါတယ်။ Federal Army (ဖက်ဒရယ်စစ်တပ်) ထဲကို ဆက်သွားချင်တဲ့လူက သွားမယ်။

ဒါကိုလည်း ပိတ်ပင်မထားသလို စစ်ကောင်စီကို ဖြုတ်ချနိုင်တာနဲ့ နားမယ်ဆိုတဲ့ရဲဘော်တွေကိုလည်း လမ်းဖွင့်ပေးထားတဲ့ပေါ်လစီ ရှိတယ်။ ကျနော်တို့ဆီမှာလည်း လက်နက်ဖြုတ်သိမ်းရေးပေါ်လစီ ရှိပါတယ်။ ဒီမူဝါဒအတိုင်း ဆက်လျှောက်သွားမှာပါ။

မေး – KNDF ရဲ့ အန္တိမရည်မှန်းချက်က ဘာဖြစ်မလဲ။
ဖြေ – စစ်အာဏာရှင်ဖြုတ်ချနိုင်တဲ့အထိကို ကျနော်တို့ ပစ်မှတ်ထားတယ်။ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ပြီ ဆိုတာနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်တဲ့အနေရာမှာ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့နိုင်ငံအဖြစ် ရုပ်လုံးပေါ်လာဖို့ကို ကျနော်တို့အားလုံး ရည်မှန်းပြီး သွားနေတာဖြစ်တယ်။

သဘောကတော့ဗျာ။ စစ်ကောင်စီကို ကျနော်တို့ ဖြုတ်သိမ်းမယ်။ တပါတည်းမှာ ဒီပြည်နယ်သော်လည်းကောင်း၊ ဒီနိုင်ငငံသော်လည်းကောင်း ဝိုင်းဝန်း တည်ဆောက်တဲ့ဟာမျိုးတွေ ဖြစ်တဲ့အထိ ကျနော်တို့တွေ ဆက်ရှိနေမှာဖြစ်ပါတယ်။

မေး – NUG အစိုးရလုပ်ဆောင်မှုအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ – ဒီကြားကာလမှာ NUG ရဲ့လမ်းညွှန်မှုကို နိုင်ငံရေးမှာရော၊ တော်လှန်ရေးမှာရော ကျနော်တို့ အပြည့်အဝ ခံယူထားပါတယ်။ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေမှာ ကျနော်တို့ အသေးစိတ် သဘောမကျတာတွေရှိသလို သဘောကျတာတွေလည်း ရှိတယ်။

သေချာတာတစ်ခုကတော့ NUG အစိုးရသည် လူထုရဲ့အစိုးရပဲ။ ပြည်သူလူထုရဲ့ မဲတွေနဲ့တက်လာတဲ့အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် သူတို့ကတော့ ကျနော်တို့အစိုးရဖြစ်ပါတယ်။

သူတို့ရဲ့လမ်းညွှန်မှု အောက်မှာ အပြည့်အဝသွားနိုင်ဖို့ ကျနော်တို့အားလုံး ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ ကျနော်တို့အနေနဲ့ NUG အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အသေးစိတ်သုံးသပ်ဖို့့ အချိန်စောတယ်လို့ပဲ ပြောချင်တယ်။

မေး – ကရင်နီလူငယ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရေးအတွက် တက်တက်ကြွကြွ လုပ်ပေးခဲ့တယ်။ NLD အစိုးရဖြစ်လာတော့ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်ဆောက်တာကို ဆန့်ကျင်ကန့်ကွက်မှုကနေ ကရင်နီလူငယ်တွေ အဖမ်းခံ၊ ထောင်ချခံရတဲ့အထိ ဖြစ်ခဲ့တယ်။ လက်ရှိမှာကျတော့ ကရင်နီလူငယ်တွေဟာ CRPH နဲ့ NUG ကို ပြန်ပြီးတော့ ထောက်ခံပံ့ပိုးမှုတွေ လုပ်ဆောင်နေတဲ့အပေါ် ကရင်နီလူငယ်တွေအနေနဲ့ ဘယ်လို ခံစားချက်ရှိလဲ။

ဖြေ – ကျနော်တို့အနေနဲ့တော့ အရပ်သားအစိုးရနဲ့ ညှိနှိုင်းရတာ ပိုပြီးတော့ကောင်းပါတယ်။ အဓိကတော့ လူထုရဲ့သဘောထားက အခြေခံလိုက်နာရမယ့်စည်းမျဉ်းဖြစ်ပါတယ်။

ပြောရရင်တော့ လက်ရှိအချိန်မှာ လူထုတရပ်လုံးက NUG အစိုးရကို ယုံကြည်ထားတယ်။ လူထုဆန္ဒကို ကျနော်တို့ဖြည့်ဆည်းပေးရမယ်။ အစ်ကို မေးသလို ၂၀၁၅ မှာဖြစ်ခဲ့သလို ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာ ဖြစ်ခဲ့တာကို နောက်ကြောင်းပြန်ပြောရင် ပြီးမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးဆိုတာကတော့ အမြဲတမ်းတစ်ခုတည်း တည်မနေဘူးဗျ။ အမြဲအပြောင်းအလဲရှိတယ်။

ဒါပေမယ့် ဒီအပြောင်းအလဲအတွက် ကျနော်တို့နဲ့ သူတို့နဲ့ အရင်တုန်းက ရန်သူဆိုပေမယ့် အခုချိန်မှာ မိတ်ဆွေကောင်းတွေ ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း ကျနော်တို့ မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားနေတယ်။

ဒီနေရာမှာ စိတ်ခံစားချက်ဆိုတာထက် လူထုဆန္ဒကပိုအရေးကြီးတယ်လို့ ယူဆတယ်။ ကျနော်တို့ လူထုဆန္ဒကလွဲပြီးတော့ ဘယ်ဟာမှ ကျော်လွန်လို့ မရပါဘူး။ အရင်တုန်းက ပြဿနာဖြစ်ခဲ့ဖူးတဲ့သူနဲ့တောင် ရံဖန်ရံခါ တဝိုင်းထဲထိုင်ပြီးတော့ ဒီနိုင်ငံရဲ့ကောင်းကျိုး ဆိုးကျိုးတွေကို အတူ မျှဝေနေရတဲ့အခြေအနေတောင် ရောက်နေပါပြီ။

မေး – ကရင်နီလူငယ်တွေ စုစည်းပြီး စစ်အာဏာရှင်ကို တော်လှန်နေကြတယ်။ ဒီအခြေအနေမှာ NUG အစိုးရကို ဘာများတောင်းဆိုချင်တာရှိပါသလဲ။

ဖြေ – ပြောချင်တာကတော့ ကျနော်တို့ လက်ရှိ NUG သွားနေတဲ့လမ်းကြောင်းဟာ တကယ်လို့များ တော်လှန်ရေး ပြီးသွားခဲ့မယ်ဆိုရင် ဒီစစ်ကောင်စီ၊ စစ်အာဏာရှင် တကယ်ချုပ်ငြိမ်းသွားပြီဆိုတာနဲ့ ဒီသဘောထားတွေ မပြောင်းလဲဖို့ လိုတယ်။

ကျနော်တို့အပေါ် ကတိတည်ဖို့လိုတယ်။ ပြည်သူလူထုတွေကို ကတိတည်ဖို့လိုတယ်။ ဒါကလွဲရင် ကျန်တာ ဘာမှတောင်းဆိုဖို့ မရှိပါဘူး။ NUG ကြေညာထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ကတိတည်တည် သွားဖို့လည်း ကျနော်တို့တောင်းဆိုချင်တယ်။

ဧရာဝတီတိုင်းမ်