ၾကားသိသမွ်

KNU မှ တပ်မတော်၏ ၅ လ အပစ်ရပ်စဲရေးအပေါ် မယုံကြည်‌ဟု ပြော

တပ်မတော်၏ ၅ လ အပစ်ရပ်စဲရေးအပေါ် မယုံကြည်‌ဟု KNU ပြော
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၈

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ‌ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်း ရေး ရရှိရေးအတွက် သော်လည်းကောင်း၊

မကြာမီကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (၅)လကြာ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း တပ်မတော်က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ လက်တွေ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ယနေ့ အပစ်ရပ်ဆိုပြီး ယနေ့ စစ်ကြောင်း ထိုးတာမျိုးများကြောင့် ယုံကြည်၍မရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဆိုသည်။

ပဒိုစောတောနီး “တကယ်တမ်း လက်တွေ့ကျတာ လုပ်ရပ်ပေါ်မှာပဲ ကျနော်တို့ ကြည့်ရမှာ၊ ပြည်‌ထောင်စုနေ့ပဲ ပြောပြော၊ လွတ်လပ်ရေးနေ့ပဲ ပြောပြော၊ ဘာနေ့ပဲ ပြောပြော၊ တကယ်တမ်းကြတော့ ကျနော်တို့ အ ပေါ်မှာ စိတ်ထားက ဘယ်လိုရှိ တယ်။

လုပ်ရပ်တွေက ဘယ်လိုရှိတယ်။ အဲတာတွေပဲ ကြည့်တာ။ အခုပါးစပ်နဲ့ ပြောတာ ဘယ်လိုမှ လက်ခံလို့မရဘူး။ လက်နဲ့ လုပ်ပြတဲ့ဟာပဲ ကျ‌နော်တို့ ယုံရတော့မှာ။ ဘာဖြစ်လို့လည်းဆိုတော့ အပစ်အခတ် ရပ်စဲရေးဆိုတာ ကျနော်တို့ အဖွဲ့မှ မဟုတ်ဘူး။ အားလုံးတူတူပဲ။

အပစ်အခတ်ရပ်စဲရေး ဒီနေ့လုပ်တယ်။ ဒီနေ့ပဲ ကျနော်တို့ ဆီ ဝင်ပြီးချတယ်။ ဒါဘယ်လိုလုပ် ယုံလို့ရမလဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် အစိုးရ၏ လုံခြုံ ရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊

ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (၅)လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ပါတီ(PP)၏ ဥက္ကဋ္ဌ ဦးကိုကိုကြီးက အပစ်အခတ်ရပ်စဲရေးလုပ်ခြင်းမှာ ကောင်းသည့် လက္ခဏာဖြစ်သော်လည်း ပြဿနာများ၏ အခြေခံများကို မဖြေရှင်းပါက ငြိမ်းချမ်းရေး အစစ်အမှန်ကို မရနိုင်ကြောင်း ဆိုသည်။

ဦးကိုကိုကြီးက “ကျနော်တို့လည်း NCA လက်မှတ်ထိုးတဲ့ ကိစ္စရော၊ JMC ရော တောက်လျှောက်ပါဝင်ခဲ့တဲ့ အခါကြတော့ အပစ်အခတ်ရပ်စဲရေး လုပ်တယ်ဆိုတာ ‌ယေဘုယျတော့ ကောင်းတဲ့ လက္ခဏာပေါ့။

သို့သော် တကယ့် ဒီပြဿနာတွေရဲ့ အကြောင်းအရင်း၊ အခြေခံတွေကို မဖြေရှင်းဘဲနဲ့တော့ ငြိမ်းချမ်းရေး အစစ်အမှန်ကို မရနိုင်ဘူးလို့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ဖြစ်နေသည့် မြန်မာနိုင်ငံအတွင်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြဿနာကို မဖြေရှင်းနိုင်သရွေ့ တည်တံခိုင်မြဲသည့် ငြိမ်းချမ်းရေးရရန် မလွယ်ကူဟု မြင်မိကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ကာချုပ်ပြောသွားတဲ့ ကိစ္စက အမှန်တကယ်ကတော့ ဒီကာလအတွင်းမှာ သူ့ လုံခြုံရေးအတွက် အုပ်ချုပ်ရေး ကိစ္စတွေဖြစ်ဖို့အတွက်ကို တာဝန်ရှိတာဆိုတော့ အဲအတွက်ကို လွယ်လွယ်နဲ့ အေးအေး ချမ်းချမ်း ဖြစ်စေချင်တယ်ဆိုရင်တော့

အစောကတည်းက အဲလို အာဏာထိန်းတဲ့ကိစ္စ မလုပ်ခဲ့ဘူးဆိုရင် ဒီဟာက ပေါ်လာ စရာအကြောင်း မရှိဘူးလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

တပ်မတော်အနေနှင့် စစ်ရေးလှုပ်ရှားမှုများ ရပ်စဲကြောင်း ကြေညာပြီး ၎င်းတို့၏ လုပ်ရပ်မှာ ထူးခြားမှုရှိပါက လက်ခံနိုင် မည့် အနေအထားကို စဉ်းစားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

သို့သော်လည်း KNU ၏ တပ်မဟာများတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများမှာ ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်နေပြီး အပစ်အခတ် ရပ်စဲရေး ကြေညာကာ ဆန့်ကျင်ဘက်များ လုပ်နေသည့်အတွက် ထိုအပစ်အခတ်ရပ်စဲရေးကို အယုံအကြည်မရှိကြောင်း ၎င်းက ဆိုသည်။

တပ်မတော်သည် စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းကြောင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က စတင် ကြေညာခဲ့ပြီး ယခု အောက်တိုဘာလမှစတင်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်ထိ ၅ လကြာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။