ၾကားသိသမွ်

တယ်လီနောရဲ့ တာဝန်မဲ့ ထွက်ခွာမှုအတွက် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ၏ တိုင်ကြားမှုအား နော်ဝေနိုင်ငံ OECD တိုင်ကြားရေးဌာန (NCP) လက်ခံ

တယ်လီနောရဲ့ တာဝန်မဲ့ ထွက်ခွာမှုအတွက် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ၏ တိုင်ကြားမှုအား နော်ဝေနိုင်ငံ OECD တိုင်ကြားရေးဌာန (NCP) လက်ခံ

တာဝန်မဲ့ထွက်ခွာမှုအတွက် မြန်မာအရပ်ဘက်အဖွဲ့အစည်းများမှ တယ်လီနောကုမ္ပဏီအပေါ် တိုင်ကြားထားတဲ့ တိုင်ကြားမှုကို နော်ဝေနိုင်ငံ OECD တိုင်ကြားရေးဌာန Norwegian National Contact Point (NCP) က မနေ့ကပဲ လက်ခံလိုက်ပါတယ်။

အဆိုပါ တိုင်ကြားမှုကို နိုင်ငံတကာ ကော်ပိုရေးရှင်းများရေးရာ သုတေသနစင်တာ (SOMO) က မြန်မာနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့ အစည်း ၄၇၄ ဖွဲ့ ကိုယ်စား နော်ဝေနိုင်ငံ OECD တိုင်ကြားရေးဌာနသို့ ပေးပို့ တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

တယ်လီနောရဲ့ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းကို M1 Group သို့ ရောင်းချခြင်းဟာ The Organisation for Economic Co-operation and Development (OECD) လမ်းညွှန်ချက်တွေမှာ ပြဌာန်းထားတဲ့ တာဝန်သိ စီးပွားရေးလုပ်ငန်း ရုပ်သိမ်းထွက်ခွာမှုဆိုင်ရာ စံချိန်စံနှုန်းများအတိုင်း လုပ်ဆောင်ရန် ပျက်ကွက်ခဲ့တယ် လို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ဆိုပါတယ်။

အခုတိုင်ကြားမှုနဲ့ ပတ်သတ်လို့ Telenor group ရဲ့ ရှယ်ယာ ၅၃ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားတဲ့ နော်ဝေးအစိုးရဆီကတော့ လူသိရှင်ကြား တုံပြန်မှု တစ်စုံတစ်ရာမတွေ့ရသေးပါဘူး။

နော်ဝေနိုင်ငံ OECD တိုင်ကြားရေးဌာန NCP အနေနဲ့ ယခုတိုင်ကြားမှုဟာ ကျိုးကြောင်းဆီလျော်မှုနဲ့ သက်သေဆိုင်ရာအထောက်အထားများ ရှိတယ်လို့ ယူဆတဲ့အတွက် ဆက်လက်စစ်ဆေးနိုင်ဖို့ တိုင်ကြားမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့တာဖြစ်တယ် လို့ SOHO ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“အခုဆိုရင် ဒီတိုင်ကြားမှုကို NCP ကလက်ခံလိုက်ပြီဆိုတော့၊ တကယ်လို့များ ဒါကို ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ နော်ဝေအစိုးရအနေနဲ့ မတုန့်ပြန်ခဲ့ဘူးဆိုရင် အမတန်ကို အံ့အာားသင့်စရာဖြစ်ပါလိမ့်မယ်။

နော်ဝေနိုင်ငံဟာ သမိုင်းကြောင်းအရ လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး တက်ကြွစွာ ထောက်ခံ အားပေးတဲ့ နိုင်ငံတစ်ခုပါ။ Telenor Group အနေနဲ့ တာဝန်သိ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုတွေမှာ ကျင့်ဝတ်နှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်စေဖို့

နော်ဝေအစိုးရဟာ အဓိကရှယ်ယာရှင် ဆိုတဲ့ သူတို့ရဲ့အခန်းကဏ္ဍကို တက်ကြွစွာ အသုံးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု SOMO မှအကြီးတန်းသုတေသီ Joseph Wilde-Ramsing က ဆိုပါတယ်။

SOMO က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ OECD တိုင်ကြားရေးဌာန NCP ဟာ လက်ရှိတိုင်ကြားမှုနဲ့ ပတ်သတ်ပြီး တယ်လီနော နဲ့ တိုင်ကြားသူများအကြား ကြားဝင်ညှို့နှိုင်းနိုင်ရေး ကမ်းလှမ်းခဲ့တယ် လို့ဆိုပါတယ်။

NCP ရဲ့ ကြားဝင်ညှို့နှိုင်းရေး ကမ်းလှမ်းချက်ကို လက်ခံဖို့ ဥပဒေအရ ကန့်သတ်ထားမျိုး မရှိပေမဲ့ တယ်လီနောက ကြားဝင်ဖြန်ဖြေမှုကို ငြင်းဆန်တာ ဒါမှမဟုတ် ညှို့နှိုင်းဖျန်ဖြေမှုမှာ နှစ်ဦးနှစ်ဖက်အကြား သဘောတူညီမှု မရခဲ့ဘူးတာ မျိုးဆိုရင်၊

တယ်လီနောဟာ OECD စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်ခဲ့ရဲ့လား ဆိုတာကို ဆုံးဖြတ်ဖို့ NCP အနေနဲ့ စုံစမ်းစစ်ဆေးမှုကို ကိုယ်တိုင်လုပ်ဆောင်နိုင်ပြီး တွေ့ရှိချက်များကို အများပြည်သူသိအောင် ထုတ်ပြန်နိုင်တယ်လို့ လည်း ဖော်ပြထားပါတယ်။

OECD လမ်းညွှန်ချက်များကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိခဲ့တဲ့ ကုမ္ပဏီ တချို့တွေဟာ စီးပွားရေး အခွင့်အလမ်းတွေကို ပုံစံအမျိုးမျိုးဖြင့် ဆုံးရှုံးခံရနိုင်တယ် လို့လည်း အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တယ်လီနောဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ဆက်သွယ်ရေးလုပ်ငန်းကို မြန်မာစစ်တပ်နှင့် စီးပွားရေး ပတ်သက်ဆက်နွယ်မှုရှိပြီး လူ့အခွင့်အရေးနှင့် လာဘ်ပေးလာဘ်ယူမှုတွေမှာ နာမည်ပျက်ရှိတဲ့ M1 အုပ်စုထံ ရောင်းချလိုက်တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းများက အခုလို တိုင်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

လက်ဘနွန်ကုမ္ပဏီ M1 အုပ်စုထံ တယ်လီနော လုပ်ငန်းများ ရောင်းချဖြစ်ပါက မြန်မာနိုင်ငံအတွင်း တယ်လီနော အသုံးပြုသူ ၁၈ သန်းကျော်ရဲ့ ဒေတာ အချက်အလက်များကို စစ်အုပ်စုနှင့် နီးကပ်တဲ့ဆက်ဆံရေး ရှိတဲ့ M1 အုပ်စုထံ လွဲပြောင်းပေးအပ်ရတော့မှာဖြစ်သလို၊

ကြားဖြတ်ထောက်လှမ်း စုံစမ်းရေးကရိယာများ တပ်ဆင်ပေးခြင်းအပါအဝင် စစ်အုပ်စုရဲ့ စိတ်တိုင်းကျ စေခိုင်းမှုများကို လိုက်လံအကောင်အထည်ဖော်မှုများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စိုးရိမ်မှုများ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံလိုမျိုး အန္တရာယ်များတဲ့ အခြေအနေမှာ စီးပွားရေးဝင်ရောက်လုပ်ကိုင်ပြီဆိုရင် တယ်လီနောလို ကုမ္ပဏီတွေအနေနဲ့ အကျိုးအမြတ်တစ်ခုတည်း ထက်ပိုပြီး၊ သတိရှိရှိ ဆင်ခြင်စဉ်းစားထားသင့်ပြီး၊ တာဝန်သိ ထွက်ခွာရေးအစီအစဉ်တစ်ရပ်ကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။

တယ်လီနောရဲ့ တင်ကြို ကနဦးစုံစမ်းစစ်ဆေးမှုနဲ့ ပြင်ဆင်မှုကင်းမဲ့ခြင်းတွေက အတိမ်းအစောင်း မခံတဲ့ အခြေအနေအတွင်းက မြန်မာပြည်သူတွေကို ထားပစ်ခဲ့ဖို့ သူတို့ကို လုပ်ပိုင်ခွင့် မပေးထားပါဘူး”လို့ SOMO မှအကြီးတန်းသုတေသီ Joseph Wilde-Ramsing ကပဲ ပြီးခဲ့တဲ့ လပိုင်းက ပြောခဲ့ပါတယ်။

နော်ဝေအရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်ပါဝင်တဲ့ နော်ဝေလူမှုဖွံ့ဖြိုးရေးနှင့်ပတ်ဝန်းကျင်ဖိုရမ် (ForUM) ကလည်း ယခုရောင်းချမှုကိုဝေဖန်ခဲ့ပြီး၊ တယ်လီနော်ကို တိုင်ကြားမှုအပေါ် ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ForUM ရဲ့ တာဝန်သိစီးပွားရေးလုပ်ငန်းဆိုင်ရာ အကြံပေးဖြစ်သူ Diego Foss ကပြောကြားရာမှာတော့

“NCP ဟာ ဒီတိုင်ကြားချက်ကို လက်ခံလိုက်ပြီဆိုကထဲက Telenor ဟာ OECD လမ်းညွှန်ချက်တွေကို ချိုးဖောက်ခဲ့တယ် ဆိုတာ မှန်နိုင်ခြေ ရှိတယ်လို့ ကျွန်တော်တို့နားလည်တယ်။

Telenor အနေနဲ့ လက်ခံအသိအမှတ် ပြုထားတဲ့ တာဝန်သိ စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ စံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိ ရှင်းလင်းပြီးသည်အထိ ရောင်းချခြင်းကို ဆိုင်းငံ့ထားသင့်တယ်လို့” လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်