ကမ္ဘာကြီးအား လှုပ်နှိုးလိုက်သည့် တွန်အင်ဒရူး၏ အစီရင်ခံစာ
ဗုဒ္ဓဟူးနေ့ က မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် တွန် အင်ဒရူး မှ လူ့အခွင့်အရေး ကောင်စီ ညီလာခံ
သို့ တင်သွင်းသော အစီရင်ခံစာ တွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ နှင့် သတ်ဖြတ်ခံရ၍ သေဆုံးနေမှုများအား ဟန့်တားနိုင်ရန် “လမ်းကြောင်းပြောင်းရန် လိုအပ်နေပြီ” ဟု အတိအလင်း ပြောဆိုလိုက်သည်။
သူ၏ တင်ပြချက်အား ကုလသမဂ္ဂ သတင်းဌာနမှ ထုတ်ပြန်ရာတွင် အောက်ပါ အတိုင်း ပါရှိခဲ့သည်။
ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ကို ဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက် မှစ၍
အသတ်ခံရသူ ၁,၁၀၀ ကျော်၊ စိတ်ထင်တိုင်း ဖမ်းဆီးခံရသူ ၈,၀၀၀ ကျော် နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ပေါင်း ၂၃၀,၀၀၀ ကျော် ရှိလာနေပြီ ဖြစ်သည်။
အဆိုပါ အစီရင်ခံစာ တွင် စစ်အာဏာသိမ်း အဖွဲ့အား သစ္စာခံ တပ်များက လမ်းပေါ်ထွက်လာသော ဆန္ဒပြ ပြည်သူများအား သတ်ဖြတ်ခဲ့ပုံ၊
အိမ်များထဲထိ ဝင်ရောက်၍ သတ်ဖြတ်ခဲ့သည်များ၊ ဖမ်းဆီးခံရပြီးနောက် ညှင်းပမ်းရိုက်နက်ခံရ၍ သေဆုံးခဲ့ရသည့် အကြောင်းများကို အသေးစိတ် ဖေါ်ပြခဲ့သည်။
သေဆုံးရသူ အများစုသည် ဗုံးကြဲတိုက်ခိုက်ခံရခြင်း၊ ပခုံးထမ်း လောင်ချာများနှင့် ပစ်ခတ်ခံရခြင်း၊ အော်တို မက်တစ် မောင်းပြန် သေနတ်များနှင့် တိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။
ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ အပြင်မှ ပိတ်ဆို့ကာ မီးလောင်တိုက်သွင်းခြင်း၊ အရပ်သားများကို လူသားဒိုင်းသဖွယ် အသုံးချခြင်း၊ ချွေးတပ်ဆွဲခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့ကြသည်။
ကလေးသူငယ်များကိုပင် ချမ်းသာပေးခြင်းမရှိ
ဇူလိုင်လအထိ အသက် ၁၄ လ မှ ၁၇ နှစ် အရွယ်ရှိ ကလေး သူငယ်ပေါင်း အနည်းဆုံး ၇၅ ဦးသည် စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
အဆိုပါ ကလေးများသည် ကားဖြင့်တိုက်သတ်ခံရခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ စစ်တပ်၏ လက်နက်ကြီး ကျည်များ ထိမှန်၍ သေဆုံးခဲ့ရသူများ ဖြစ်သည်။
ဖမ်းဆီးသွားသော ကလေးငယ်များကို နှိပ်စက်ညှင်းပမ်းခဲ့ကြပြန်ပြီး ထိုအထဲတွင် ကလေးငယ် နှစ်ဦး ဆိုလျှင် အစာရေစာ အငတ်ထားပြီး
ခြေထောက်များကို မီးကင်ထားသော သံတုတ်များနှင့် ရိုက်နှက်ခဲ့သည်များကို ယုံကြည်လောက်သော သက်သေ အထောက်အထားများ ရရှိထားပြီ ဖြစ်သည်ဟုလည်း ပါရှိသည်။
နိုင်ငံသားများ၏ နိုင်ငံရေး နှင့် လူမှု အခွင့်အရေးအားလုံးကို စစ်ကောင်စီသည် စနစ်တကျ ဖျက်ဆီးပစ်နေပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံး
ခွင့်၊ တဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ ပိုင်း ထိန်းသိမ်းနိုင်ခွင့်၊တရားဥပဒေ အား အသုံးချပိုင်ခွင့်၊ လွတ်လပ်စွာ သတင်း ထုတ်ပြန်ခွင့်များ အားလုံး ဖျက်သိမ်းခံခဲ့ရပြီး ဖြစ်သည်ဟု ဆိုသည်။
နည်းဗျူဟာသစ် ကျင့်သုံးလာခြင်း
နောက်ပိုင်းတွင် စစ်ကောင်စီသည် မိသားစု ဝင်အားလုံးတို့ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်း၊ အပြစ်ဒဏ်ခတ် ခြင်း အစရှိသည် နည်း
လမ်းများကို ပို၍ အသုံးပြုလာနေပြီ ဖြစ်သည်။ ၎င်းတို့ ဖမ်းဝရမ်းထုတ် ခံထားရ သူများ အား ရှာမ တွေ့ပါက ကျန် မိသားစု ဝင်များကို ဖမ်းဆီးသွားခြင်းမျိုး ဖြစ်သည်။
ထိုသို့သော နည်းဗျူဟာ ဖြင့် ဖမ်းဆီးခံနေရသူ ပေါင်း ၁၇၇ ဦး ရှိနေပြီး ထိုအထဲတွင် လ ၂၀ သာ ရှိသေးသည့် ကလေးငယ် ပင် ပါဝင်နေသည့် သက်သေ အထောက်အထားများ ရှိထားပြီး ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
အန္တရာယ် ကျရောက်နေသော ရိုဟင်ဂျာများ
စစ်ကောင်စီသည် ရိုဟင်ဂျာ များ အား အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲ ဖြစ်ပြီး နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် အခြားသော အခြေခံ အခွင့်အရေးအားလုံး ကို ပိတ်ပင်ထားခဲ့သည်။
၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာ များ အပေါ် ရက်စက် ကြမ်းကြုပ်စွာ ပြုကျင့်ခဲ့သည့် စစ်တိုင်းမှူးများသည် ယခုအခါ တွင် စစ်ကောင်စီ အဖွဲ့
ဝင်များ ဖြစ်လာနေသည်။ ထို့အတွက် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့် အဖို့ အန္တရာယ် များ ကြုံ လာနေရပြီ ဖြစ်သည်။
ကျန်းမာရေး စောင့်ရှောက်မှု ပျက်စီးယိုယွင်းသွားခြင်း
ကျန်းမာရေး စောင့်ရှောက်မှု စနစ်တခု လုံးသည် စစ်ကောင်စီ ၏ တိုက်ခိုက်ခံခဲ့ရသဖြင့် လူတဦးချင်းစီ၏ ကျန်းမာရေး စောင့်ရှောက်ခံပိုင်ခွင့်များသည် ထိခိုက်ပျက်စီးသွားခဲ့လေသည်။
အကြမ်းမဖက် အာဏာဖီဆန်ရေး ကို ဦးဆောင်နေသူ အများစု သည် ကျန်းမာရေးဖက်မှ ဖြစ်သဖြင့် ထိုသူ တို့အား လက်တုံ့ပြန်သည့် အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်လျှက် ရှိနေ သည်။
ယာယီ ဆေးခန်းများ ဖွင့်ကာ စေတနာ ဝန်ထမ်း ကုသပေးနေသော ဆရာဝန်များ ရှိရာသို့ ဝင်ရောက်စီးနင်းကာ ဆေးဝါးများ၊ ကုသရေး
ပစ္စည်းကိရိယာများ အား ဖျက်ဆီး သိမ်းဆည်းသွားကြသည့်အပြင် သူတို့ကိုလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင်များက မိမိအား တိုင်တန်း အသိပေးခဲ့ကြသည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်ခံခဲ့ရမှုများသည် ဖေဖေါ်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၅ ရက်အတွင်း အကြိမ်ပေါင်း ၂၆၀ ဖြစ်ပွားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၆၀၀ ခန့်လည်း ဖမ်းဝရမ်းထုတ်ထား၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အများစုသည် အန္တရာယ်များကြားမှ လူနာများကို လျို့ဝှက်စွာ ကုသပေးနေရသည်ဟု ပါရှိခဲ့သည်။
သပိတ်မှောက်ကြရန်
နိုင်ငံတကာရှိ အစိုးရများ အနေဖြင့် မြန်မာပြည်သူများ၏ စစ်ကောင်စီ အား သပိတ်မှောက်နေမှုများကို ထောက်ခံသည့် အနေဖြင့် စုပေါင်း
ညှိနှိုင်းကာ စီးပွားရေး အရ ပိုမို ပြင်းထန်စွာ ဖိအားပေးခြင်း၊ လက်နက် ရောင်းချမှု ပိတ်ပင် ခြင်းတို့ဖြင့် တုန့်ပြန်ကြပါရန် တိုက်တွန်းခဲ့ပြန်သည်။
နိုင်ငံတွင်းရှိ လူထု လူတန်းစား အလွှာအသီးသီးက စစ်ကောင်စီအား ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်
လျှက် ရှိနေသည်။ ထိုအထဲတွင် စစ်တပ်ပိုင် ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား သပိတ်မှောက်ခြင်း၊ အခွန်မဆောင်ဘဲ နေခြင်း၊ လျှပ်စစ်ဓါတ်အားခများ မပေးဆောင်ခြင်းတို့ ပါဝင်သည်။
ထို့အတွက် စစ်ကောင်စီ အဖို့ ဝင်ငွေ ဒေါ်လာ တစ် ဘီလီယံခန့် ဆုံးရှုံးသွားခဲ့ရသည်ဟု ခန့်မှန်းရသည်။
မစ္စတာ အင်ဒရူးက နိုင်ငံ အနှံ့အပြားတွင် အရပ်သားများက “ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ ဖွဲ့စည်း လာကြပြီး အမျိုးသား
ညီညွတ်ရေး အစိုးရမှလည်း စစ်ကောင်စီ နှင့် ၎င်း၏ သစ္စာခံ တပ်များအပေါ် “ခုခံ တွန်းလှန်စစ်” ကို ဆင်နွှဲမည်ဟု ကြေညာခဲ့သည်များကို မီးမောင်းထိုးပြ ပြောဆိုသွားခဲ့ပြန်သည်။
“ကျေးရွာ များ နှင့် မြို့ပြများအပေါ် မဆင်မခြင် ပစ်ခတ် တိုက်ခိုက်နေမှု” များကို လက်တုန့်ပြန်သည့်အနေဖြင့် လုပ်သေနတ်များကို အားကိုး
ပြီး ချုံခို တိုက်ခိုက်ခြင်း နှင့် ကာကွယ် ဟန့်တား တိုက်ခိုက်ခြင်းများ ဖြင့် ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး စစ်တပ်များထဲတွင် တခု အပါအဝင် ဖြစ်သောစစ်ကောင်စီတပ်များကို ခုခံတွန်း လှန်လျှက် ရှိနေကြသည်။
စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် အနည်းဆုံး လူ သုံးသန်း ခန့် အတွက် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။
ခိုင်မာ ပြတ်သားစွာ တာဝန်ယူမှု
ထိုသို့ သေရေး ရှင်ရေး တမျှ အရေးတကြီး အကူအညီများကို လိုအပ်နေသူများထံ ပေးပို့ထောက်ပံ့ နိုင်ရေး အတွက် နိုင်ငံတကာက အခိုင်အမာ တာဝန်ခံရမည် ဖြစ်သည်။
လောလောဆယ် တွင် ထိုသို့ လိုအပ်နေသူများကို အကူအညီများ ပေးနေသည့် နိုင်ငံအတွင်းရှိ မြို့ပြ အဖွဲ့အစည်းများအားလည်း ထောက်ပံ့ပေးသင့်သည်။
၂၀၂၁ မြန်မာပြည်အား လူသားချင်း စာနာသည့် အကူအညီများ ပေးရေး စီမံချက်အတွက် လိုအပ်နေသည့် ရံပုံငွေ စုစုပေါင်း၏ ၄၆% သာ ကောက်ခံရရှိနေဆဲ ဖြစ်၍ ယခုထက် ပိုမို ထည့်ဝင်ကြဖို့ လိုအပ်နေကြောင်းထောက် ပြသွားခဲ့သည်။
ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် တွန် အင်ဒရူ
” လူ့အခွင့်အရေး ၏ အသံ၊ ကုလ ၏ အသိစိတ်များဖြင့် ပိတ်ဆို့ခံနေရရှာသော မြန်မာ ပြည်သူများ အတွက် “ထုတ်ဖေါ် ပြောဆို ပေးကြပါရန်” လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို မစ္စတာ အင်ဒရူးက တောင်းဆိုခဲ့သည်။
ယခုအခါ နိုင်ငံတကာ၏ ဟန်ချက်ညီညီ အခိုင်အမာ ပြစ်မှတ်ထား အရေးယူလာမှုကို မြန်မာပြည်သူ တို့အတွက် ယခင့် ယခင် အချိန်များထက် ပို၍ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်ဟု တင်ပြသွားခဲ့သည်။
တွန် အင်ဒရူး၏ အစီရင်ခံစာ ကို အခြေခံပြီး မြန်မာ စစ်ခေါင်းဆောင်များသည် လူ့အခွင့်အရေး များကို အကြီး အကျယ် ချိုးဖောက်နေပြီ ဖြစ်
သောကြောင့် နယူးယောက်တွင် သံအမတ် အဖြစ် မည်သူ့ကို ရွေးချယ် ရမည် နည်းဟု နဝေတိမ် တောင် ဖြစ်နေသော ကုလ အဖွဲဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌ က ပြတ်သားစွာ အသိပေးလိုက်ပြီ ဖြစ်သည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai