ၾကားသိသမွ်

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)မှ အကြီးတန်းအရာရှိကြီးတို့ရဲ့မြစ်ကြီးနားခရီးစဉ်

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သည် ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မိသားစုများအပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် တွေ့ဆုံရန်လာရောက်ခြင်းဖြစ် ကြောင်းသိရသည်။

“မနေ့ထဲက အကုန် Stand by ပြင်ဆင်နေရတာ။ တပ်ချုပ်ကြီး လာမယ်ဆိုလို့။ ဒီမနက် ၁၀ နာရီကျော်လောက်ကရောက်လာတယ်။

အဓိက ကတော့ မပခ မိသားစုနဲ့တွေ့ဖို့ပေါ့။ ကျန်တဲ့အဖွဲ့တွေနဲ့လည်းတွေ့မယ်လို့ သိရတယ်” ဟု မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မိသားစုဝင်တဦးကပြောကြောင်း MPA သတင်းမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ယမန်နေ့ (စက်တင်ဘာ ၁၇ ရက်)နေ့ထိ ပြင်ဦးလွင်မြို့၌ ရှိနေပြီး အဆိုပါမြို့မှ မြစ်ကြီးနားမြို့သို့

သွားရောက်ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)မှ အကြီးတန်းအရာရှိကြီးများ လိုက်ပါလာ​ကြောင်း သိရသည်။

စစ်ကောင်စီဥက္ကဌ ရောက်ရှိလာသော မြစ်ကြီးနားမြို့နှင့်အနီးတဝိုက်တွင် လုံခြုံရေးအင်အား အများအ​ပြားတိုးမြှင့်ထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားကြောင်း သိရသည်။

ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီးနဲ့ ပြင်ဦးလွင်မြို့နယ်တို့ရှိ စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြို့မိမြို့ဖတွေကို တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသေးတယ်။

“ ငှက်ပျောသီးကို ခေတ်မီနည်းစနစ်နဲ့ ထုတ်လုပ်ဖို့၊ နို့စားနွားမွေးကြဖို့နဲ့ လျှပ်စစ်မြို့ပတ်ရထားလမ်းတွေ မြေအောက်ရထားလမ်းတွေ

ဖောက်လုပ်ကြဖို့ ၊မိမိတို့နိုင်ငံဟာ နို့နှင့် နို့ထွက်ပစ္စည်းတွေ ပြည်ပမှ တင်သွင်းနေရတာကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုးနဲ့ အေးခဲအသား

ငါးတွေ ထုတ်လုပ်ပြီး ခေတ်မီ ထုပ်ပိုးမှုပုံစံတွေနဲ့ မိမိတို့နိုင်ငံရှိ တခြား ဒေသတွေသာမက ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်တဲ့အထိ

စဉ်းစားလုပ်ဆောင်ကြရမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးဟာ နို့စားနွား မွေးမြူရေးကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက် နိုင်တဲ့ အလားအလာ များစွာ ရှိလို့ အလေးထားဆောင်ရွက်ရမယ်” လို့ စစ်ကောင်စီဥက္ကဌက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခု တတိယအကြိမ်မြောက် ပြည်တွင်းခရီးသွားခြင်းဖြစ်ပြီး

ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံဖွင့်ပွဲ၊ ဒုတိယအကြိမ်အဖြစ် မော်လမြိုင်(ဘီလူးကျွန်းတံတား)အမည်ပြောင်းပွဲနှင့် ကရင်ပြည်နယ် အ တွင်းသို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။