ၾကားသိသမွ်

တကမ္ဘာလုံးက ဝိုင်းပယ်ထားခံရသည့် အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် တာလီဘန်နှင့် မြန်မာစစ်ကောင်စီရဲ့ ကုလသမဂ္ဂတွင် အသိအမှတ် ပြုခွင့်ရရေး ကြိုးပမ်းလာနေမှု

တကမ္ဘာလုံးက ဝိုင်းပယ်ထားခံရသည့် အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် တာလီဘန်နှင့် မြန်မာစစ်ကောင်စီရဲ့ ကုလသမဂ္ဂတွင် အသိအမှတ် ပြုခွင့်ရရေး ကြိုးပမ်းလာနေမှု

မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့သည် ခုနှစ်လ သာ ကျော်လာခဲ့သော်လည်း ထင်သလို ဖြစ်မလာသည့် အပြင် အသက်ရှူ နိုင်ရန်ပင် မနည်းအားထုတ်လာနေရပြီ ဖြစ်သည်။

၎င်း၏ ပင်မ စီးပွားရေး လုပ်ငန်း ဖြစ်သော မိုင်တဲ တာဝါတိုင်များက နေ့စဉ်လို ဖျက်ဆီးခံနေရသည်နှင့် အမျှ ကိုယ့်အရိပ်ကိုပင် ကိုယ်မယုံနိုင်အောင် ယုံထင် ကြောင်ထင် ဖြစ်လာသည်။

ယင်းနှင့် အတူ ၎င်း၏ အလိုတော်ရိများအား မည်သို့ မည်ပုံ နှိမ်နှင်းရမည် ဆိုသည်ကို Action Plan ဆိုပြီး တင်ပြ ခိုင်းမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ထိုပုဂ္ဂိုလ်များကလည်း sign of weakness အဖြစ် ထင်မြင် ခံရမည်။

အရှုံးပေးလိုသူ defeatist အဖြစ် အထင်ခံရမည့် အရေးကြောင့် သူ့ထက်ငါ ကြမ်းပေ့ရမ်းပေ့ ဆိုသည့် အစီ အစဉ်များကို မျက်နှာလို မျက်နှာရ တင်ပြလာကြမည့်အပြင် ၎င်းကိုယ်နှိုက်ကလည်း အမြှော်အမြင် နည်းသူပီပီ မဝေခွဲတတ်တော့။

ထိုသို့သော လူမျိုးက အစွမ်းကုန် မိုက် ပြနိုင်မှ လူရှိန်သည်ဟု ယူဆနေသူလည်း ဖြစ်နေ ပြန်သည်။သူ ပြောနေသည့် ဘယ်လို ကောင်းအောင်လုပ်မည် ဆိုသည်များသည် အပြောသက်သက် What to do အဆင့် သာရှိပြီး ရှစ်တန်း ကျောင်းသားပင် စာစီစာကုံးရေးရာတွင် ကောင်းစွာ ရေးဖွဲ့နိုင်သည်။

How to do ကိုတော့ ငှက်ပျော တုံး စီမံကိန်းကလွဲ၍ အခြား မည်သည့်အရာမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ကိုဗစ် ကပ်ရောဂါ ဟန့်တားရေး တွင်လည်း နိုင်ငံတကာ က ဘယ်ပုံ ဘယ်နည်း လုပ်ကိုင်နေကြသည်ကို အတုယူ နိုင်ခွင့်များ၊

ရှောင်ရန် ဆောင်ရန်များ မရေမတွက် နိုင်အောင် ရှိနေပါလျှက် ၎င်းတို့ကို ခြိမ်းခြောက်လာနိုင်သည်ဟု ယူဆကာ ပေလျာလကန် ပြုထားခဲ့သဖြင့် ပြည်သူ များစွာ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြသည်။

ဤသည် ကပင် ရာဇဝတ်မှု မြောက်သော ပေါ့လျော့မှု criminal negligence ပင် ဖြစ်သည်။ သေဆုံးသွားသူများကလည်း ၎င်းအပေါ် နာကျည်းစိတ် အပြည့်ဖြင့် အသက်ထွက်သွားခဲ့ရသူ ချည်းဖြစ်သည်။ ကိုယ်ပြုသည့်ကံ ကိုယ်ထံ အရိပ်လို ကပ်လိုက်ပါနေမည်သာ ဖြစ်သည်။

ယခုအခါ ပြဿနာ ပေါ်လာတိုင်း လက်ညှိုး အထိုးခံရစမြဲ ဖြစ်သည့် ဘီလျံနာ သူဌေးကြီး ဂျော့ချ် ဆိုရိုး၏ Open Society Myanmar (OSM) အား ဒေါ်လာ ၁.၄ သန်းကို စည်းမျဉ်းများ မလိုက်နာဘဲ မြန်မာငွေ လဲလှယ်သည်ဟု စွပ်စွဲကာ ဖေါင်‌‌ဒေးရှင်း၏ အရာရှိတဦးကို

ဖမ်းဆီးခဲ့ပြီး ကျန်အရာရှိများကို လိုက်လံရှာဖွေနေသည်ဟု ရိုက်တာ သတင်းက ဖေါ်ပြလာသည်။ ထို့အပြင် NGO များစွာက CDM ကို ကူညီနေသည်ဟု စွပ်စွဲလာကြသည်။

NGO ဆိုသည်က အခြေခံအားဖြင့် အစိုးရ အဖွဲ့ တခု မနိုင်ဝင် ဖြစ်နေသည် များကို ဝိုင်းဝန်းကူညီ ပံ့ပိုးရန် ဖွဲ့စည်း လာသူများ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် ယခုအခါ NGO များကို ဖိနှိပ်လာမည်ဆိုလျှင် ၎င်းတို့ အတွက် မည်သို့မျှ အကျိုးမယုတ်သော်လည်း တကယ်တမ်း နစ်နာရမည့် သူများက အောက်ခြေ ပြည်သူများသာ ဖြစ်သည်။

မင်းအောင်လှိုင်၏ ပြည်သူများ အပေါ် နိုင်လိုမင်းထက် အုပ်ချုပ်နေမှုများသည် သူ၏ အဓိပ္ပါယ်မဲ့ စဉ်းစားတွေး ခေါ်မှုများကြောင့် အခြားသော အာဏာရှင်တို့၏ လုပ်ရိုးလုပ်စဉ် ထက်ပင် ပို၍ ဆိုးဝါးလာနေသည်။

ကမ္ဘာတွင် တခါမျှ မကြားဖူးသည့် အဖြစ်များ တွေ့မြင်လာရသည်။ Tyranny ချင်း တူသည်ပင် ၎င်းက Senseless Tyranny ဖြစ်နေသည့် ဒဏ်ကို ပြည်သူများမှာ ကျီးလန့်စာစား နှင့် ကျောကော့အောင် ခံနေကြရသည်။

ထိုမျှမကသေး အစဉ် အလာ ကောင်းခဲ့သည့် မြန်မာ တပ်မတော်ကိုလည်း သူပုန်ဓါးပြ သာသာ ဘဝ ရောက်အောင် ဖျက်ဆီး ပစ်ခဲ့လေပြီ။ အာဏာရှင် အဖြစ်နှင့် အနည်းဆုံး အဓိပ္ပါယ်ရှိရှိ အုပ်ချုပ်ရန် ကြိုးစားသင့်ပေသည်။

ထိုအကြောင်းများက ပြောမဆုံးပေါင်၊ တောသုံးထောင် သာ ဖြစ်မည်။ ထို့အတွက် နယူးယောက် တိုင်း သတင်း စာ တွင် ကုလ ကိုယ်စားလှယ် အရေး ဖေါ်ပြထားသည့် ဆောင်းပါးကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

ယခုအခါ တကမ္ဘာလုံးက ဝိုင်းပယ်ထားခံရသည့် အဖွဲ့ နှစ်ဖွဲ့ ဖြစ်သည့် တာလီဘန် နှင့် မြန်မာ စစ်ကောင်စီက ကုလ သမဂ္ဂတွင် အသိအမှတ် ပြုခွင့်ရရေး ကြိုးပမ်းလာနေသည့် အရေးကို ဖြေရှင်းကြရဖို့ ဖြစ်လာသည်။

ရက်စက်ကြမ်းကြုပ်ရာတွင် နာမည်ကြီးလှသော အဆိုပါ အဖွဲ့ နှစ်ဖွဲ့ စလုံးနှင့် ကမ္ဘာ သံတမန်စားပွဲဝိုင်းကြီးတွင် တန်းတူ ရည်တူ ဝင်ထိုင်လာကြမည့် အရေးက ကြားရသူ အပေါင်း အား မှင်တက်မိစေသည့် သတင်းမျိုးပင် ဖြစ်သည်။

သို့သော် ၎င်းတို့၏ ကိုယ်စားပြု တရားဝင် ရပ်တည်နိုင်ခွင့် ရှိမရှိကို စစ်ကြော သုံးသပ်ရန် စံနှုန်းများ ရှိထားပြီး ဖြစ်သည်။

ကုလသမဂ္ဂ တွင် နေရာရရေးသည် အဆိုပါ အစိုးရ ဟု ကြွေးကြော်နေသူများကို ကမ္ဘာမိသားစုဝင် နိုင်ငံများက လက်ခံ လာပြီ ဖြစ်သည် ဆိုသည့် စံ အမှတ်အသားပင် ဖြစ်သည်။

ထို့အတွက် ၎င်းတို့ အဖို့ ကမ္ဘာစင်မြင့်ပေါ် တက်ပြီး စကားပြောခွင့် ရမည့် အပြင် အခြား ကုလ အေဂျင်စီများတွင် ပါဝင်ခွင့် ရမည် ဖြစ်သဖြင့် လွန်စွာမှ အရေးပါနေရသည်။

လက်ရှိတွင် စစ်ကောင်စီ နှင့် တာလီဘန် ခန့် ကိုယ်စားလှယ်များကို အသိအမှတ်ပြုရေး အတွက် ကိုယ်စားလှယ် စီစစ်ရေး ကော်မတီက မည်မျှ အထိ အချိန်ယူမည် ဆိုသည်ကို တတ်အပ်သေချာ ပြော၍ မရ‌သေး၊ ရက်သတ္တ ပေါင်း များစွာ ကြာနိုင်သည်။

ထိုကာလများ တွင် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ယခင် အာဖဂန် အစိုးရမှ ခန့်အပ်ထားသည့် ကိုယ်စားလှယ်ကိုသာ ဆက်လက် ထားရှိသွားဖို့ ရှိနေသည်။

ဝဏ္ဏမောင်လွင်ကတော့ အောင်သူရိန် ဆိုသူအား ကုလ သံအမတ်ကြီး အဖြစ် သာမက အခြား ကုလ အဖွဲ့အစည်း များအတွက် ကိုယ်စားလှယ် အဖြစ် ခန့်အပ်ရန် ကုလ အတွင်းရေးမှူးချုပ်ထံ မေလ ထဲက အဆိုပြုလာခဲ့သည်။ ၎င်း အဆိုပြုပြီး တလ အကြာမှာပင်

အထွေထွေ ညီလာခံ က NLD အစိုးရအား ပြန်လည် အာဏာလွှဲပေးရေး၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေး နှင့် လူလူချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရေး တို့ ကို တောင်းဆိုလာခဲ့သည်။

လန်ဒန် အခြေစိုက် နိုင်ငံ တကာ ဥပဒေ ပညာရှင်ကြီး ၁၁ ဦးက စစ်တပ်၏ အပြုအမူ များသည် အစိုးရ အဖြစ် သတ်မှတ်ရန် အဆင့်အတန်း မမှီဆိုသည်ကို ဥပဒေကြောင်းအရ အချက်အလက်များ နှင့် ထောက်ပြသည့် စာတမ်းကို တင်သွင်းလာခဲ့သည်။

သူတို့ အားလုံးက “Myanmar Accountability Project” ဟု လန်ဒန်ရှိ မြို့ပြ အဖွဲ့တခု နှင့် ပူးတွဲ လုပ်ဆောင်နေခြင်း လည်း ဖြစ်သည်။

“အဆိုပါ ပြဿနာသည် မြန်မာ ပြည်သူများ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးနေပြီး စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို လက်ခံလိုက်

ခြင်းသည် ၎င်းတို့အား ဆက်လက် ဖိနှိပ် သတ်ဖြတ်နေခြင်းကို ကုလ မှ ခွင့်ပြု သည့် သဘော မီးစိမ်းပြလိုက်ခြင်းသာ ဖြစ်သည်” ဟု အဖွဲ့ဝင် တဦးက ဆိုကြောင်း သတင်းစာ တွင် အကျယ်တဝင့် ရေးသားထားသည်။

(ရင်ရင်နွယ် ဆိုသည့် ဗိုလ်နေဝင်း၏ ချွေးမ ဖြစ်သူသည် တရုတ်မှ ကုလရုံးများကို နိုင်ငံတွင်း မှ မောင်းထုတ်ပြီး တရုတ် အစိုးရသည် ကုလ အသိအမှတ် ပြုခြင်း မခံရဘဲ ၁၉၇၉ ထိ နေထိုင် ခဲ့ကြောင်း အလိုတော်ရိ ပီသစွာ ပြောဆိုသွားခဲ့သည်)

သို့သော် ကုလသမဂ္ဂ သည် တည်ထောင်ပြီးကာစ ဖြစ်၍ ကုလ ရုံးများ တရုတ်ပြည်တွင် ရုံးလာဖွင့်နိုင်သည့် အနေ အထားလည်း မရှိ၊ တရုတ် အစိုးရက ၁၉၄၉ မှ စ၍ တချိန်လုံး ကုလ တွင် အသိအမှတ် ပြုခံရရေး နည်းမျိုးစုံဖြင့် မိတ်ဆွေ နိုင်ငံများ မှ တဆင့် အဆိုများ တင်ခိုင်းပြီး

တောက်လျှောက် ကြိုးပမ်းလာခဲ့သည်ကို မေ့လျော့နေပုံရှိသည်။ သို့သော် နစ်ဆင် မှ မော်စီတုန်း အစိုးရနှင့် ဆက်ဆံရေး ပြေပြစ်ရန် ပင်ပေါင် သံတမန်ရေး ဗျူဟာ ကို စတင် အသုံးပြုလာသည့် နောက်ပိုင်း ၁၉၇၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကုလ အထွေထွေ

ညီလာခံ မှ မဲခွဲ ဆုံးဖြတ်ကာ တိုင်ဝမ် ကို ထုတ်ပယ်၍ တရုတ် ကွန်မြူနစ် အစိုးရအား ကမ္ဘာစင်မြင့် တွင် နေရာထိုင်ခင်း ပေးလာခဲ့ကြ၍ အလိုအလျှောက် ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အနေအထားကို ဆက်ခံလာနိုင်ခဲ့သည်။ ထို့အတွက် အတွင်းရေးမှူးချုပ် ဦး

သန့် လက်ထက်တွင် ကုလ အဖွဲ့ဝင် ဖြစ်လာသည်ဟု ဆိုရမည် ဖြစ်သည်။ ပွဲဦးထွက်မှာပင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ် ကုလ အဖွဲ့ဝင် ဖြစ်ရေး အဆိုကို ဗီတိုသုံးပြီး ပယ်ချလာခဲ့သည်။

ထိုအရေး နှင့် ပတ်သက်ပြီး ကျောင်းသား ဘဝက အတွေးများ နှင့် လုံးချာလိုက်ခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ကိုရီယား စစ်ပွဲကြီး နှင့် ပတ်သက်၍ ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် နှင့် အမေရိကန် ဦးဆောင်သော နိုင်ငံစုံ တပ်များက တောင်ကိုရီယားဖက်မှ ကျုးကျော်လာသူ မြောက်ကိုရီယား၏ ကင်အီဆွန်း တပ်များကို တိုက်ထုတ်ခဲ့ကြသည်၊

ကျွန်တော် ဘဝင်မကျ ဖြစ်နေရသည်က တရုတ် က ကုလသမဂ္ဂ အဖွဲ့ဝင် မဖြစ်‌သေးသော်လည်း ဆိုဗီယက်သည် လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ဖြစ်နေပါလျက် အဘယ်ကြောင့် ဗီတို အာဏာ မသုံးခဲ့ရသနည်း ဆိုသည်ပင် ဖြစ်သည်။

နောက်ပိုင်း အင်တာနက် ခေတ်ကြီး ရောက်လာမှ ထိုအချိန်က တိုင်ဝမ် ကို ထုတ်ပယ်ပြီး တရုတ် ကွန်မြူနစ် အစိုးရအား ကုလ ဝင်ခွင့် မပြုသည့် ကိစ္စ အပေါ် ဆိုဗီယက်က ကန့်ကွက်သည့် အနေဖြင့် ကုလ ကို တနှစ်နီးပါး သပိတ်မှောက်ခဲ့သည့် ကာလများ အတွင်းက ဆုံးဖြတ်ခဲ့ခြင်း ကြောင့် ဖြစ်သည်ကို သိလာရသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

crd
Hla Soe Wai