စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၆ လအကြာ ကြားဖြတ် အစိုးရ ဖွဲ့စည်းကြောင်း ကြေညာချက်ဟာ တရားဝင် အစိုးရ အဖြစ် ကုလသမဂ္ဂ
အပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ အသိအမှတ် ပြုခံရရေး အတွက် နောက်တဆင့်တက် ပြင်ဆင် လုပ်ဆောင်လာတဲ့ ခြေလှမ်း အဖြစ် ကျယ်ကျယ် ပြန့်ပြန့် ရှူမြင်ကြပါတယ်။
နိုင်ငံတကာမျက်နှာစာလို့ ပြောတဲ့အခါ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရရှိရေးဟာ အဓိက အခရာကျတယ်လို့ ကျွမ်းကျင်သူတွေက တညီတညွတ်တည်း ပြောကြပါတယ်။
ဒီတော့ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ နဲ့ အဲဒီ အဖွဲ့ကို ဦးဆောင်သူ တ
နည်းအားဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟာ စစ်ကောင်စီက ခန့်တဲ့သူ ဖြစ်လာမှာလား၊ NUG ရဲ့ ကိုယ်စားလှယ်လား ဆိုတာ မကြာတော့တဲ့ သီတင်းပတ်တွေ အတွင်းမှာပဲ ဆုံးဖြတ်ကြရဖို့ ရှိနေပါတယ်။
လက်ရှိမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး NUG နဲ့ ပတ်သက်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလဆိုင်ရာမြန်မာ
သံအမတ် အဖြစ် တရားဝင် ရှိနေတယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာက လောလောလတ်လတ်မှာပဲ ထပ်လောင်း ပြောခဲ့ပါတယ်။
“ရှင်းရှင်းလင်းလင်း ရှိဖို့ ကျွန်မအနေနဲ့ ပြောရရင် ကုလအဖွဲ့ကြီးက ဘယ်သူကတော့ဖြင့် အစိုးရ ဆိုပြီး ရွေးချယ် အသိအမှတ်ပြုတာ မဟုတ်
ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာဖြစ်ပါတယ်” လို့ ကုလအထူးသံ မစ္စ ရှရနာ ဘာဂနာက ဆိုပါတယ်။
ဆွစ်ဇာလန်မှာ ရှိနေတဲ့ မစ္စ ရှရနာ ဘာဂနာက နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ သတင်းထောက်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိ
အခြေအနေတွေ အကြောင်း ပြောရင်းမှာပဲ ကုလဆိုင်ရာ သံအမတ် နေရာ ကိစ္စကို ထည့်သွင်း ပြောခဲ့တာ ဖြစ်ပါတယ်။
“အဖွဲ့ဝင် နိုင်ငံတွေက နောက်ဆုံးဖြတ်ချက် မချသေးသရွေ့ နယူးယောက်မှာ ရှိတဲ့ ဦးကျော်မိုးထွန်းဟာ မြန်မာရဲ့ ကုလသမဂ္ဂ ဆိုင်ရာ
တရားဝင် သံအမတ်ကြီး ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ မြန်မာပြည်ရဲ့ အစိုးရ ခေါင်းဆောင်တွေ ဖြစ်ကြ
တယ်” ဆိုပြီးတော့လည်း လက်ရှိ ကုလသမဂ္ဂမှာ တရားဝင်မှုနဲ့ ပတ်သက်ပြီး မစ္စရှရနာ ဘာဂနာက မီးမောင်းထိုး ပြောခဲ့ပါတယ်။
မြန်မာ စစ်တပ်ရဲ့ ခေါင်းဆောင်ဟာ အခုဆိုရင် အာဏာသိမ်း စစ်ကောင်စီရဲ့ ဥက္ကဌ ဖြစ်သလို၊ အိမ်စောင့်အစိုးရမှာလည်း ရာထူးအကြီးဆုံး ဖြစ်တဲ့ ဝန်ကြီးချုပ်ရာထူး ကို ရယူထားပါတယ်။
ဒီတော့ ကုလအဖွဲ့ဝင် နိုင်ငံတွေက ဘယ်သူဟာ မြန်မာကို ကိုယ်စားပြုသူ ဖြစ်လဲ ဆိုတဲ့ အရေးကို ဘယ်တော့ ဆုံးဖြတ်ကြမှာပါလဲ။
လာမယ့် စက်တင်ဘာ လလယ် ဆိုရင် ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံရဲ့ နှစ်စဉ် အစည်းအဝေးတွေ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
အထွေထွေညီလာခံရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အဖွဲ့ဝင် ၉ နိုင်ငံပါ အရည်အချင်းစစ် ကော်မတီ “Credentials Committee” ကနေ မြန်မာကို
ဘယ်သူ ကိုယ်စားပြုမလဲ ဆိုတဲ့ ပြဿနာကို ဆန်းစစ်ကြမှာ ဖြစ်တယ်လို့ မြန်မာ့အရေး အထူး အကြံပေး ကောင်စီ SAC- M အဖွဲ့က ပြောပါတယ်။
(SAC- M ဆိုတာ မြန်မာပြည်မှာ ဖေဖေါ်ဝါရီလဆန်း စစ်အာဏာ တကျော့ပြန် သိမ်းခံရမှုကို တုန့်ပြန်ပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါ
တယ်။ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိတာဝန်တွေနဲ့ မြန်မာအရေး ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့သူတွေ စုပေါင်း ဖွဲ့ထားတာ ဖြစ်ပါတယ်။
မြန်မာလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်ခဲ့တဲ့ မစ္စ ယန်ဟီးလီ၊ လူ့အခွင့်အရေးကောင်စီက ဖွဲ့ခဲ့တဲ့ မြန်မာအရေး
အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရွတ်စမန်နဲ့ အဖွဲ့ဝင် ခရစ္စ ဆီဒိုတီတို့ဟာ SAC-M ကို ထူထောင်သူတွေ ဖြစ်ပါတယ် )
“အရည်အချင်းစစ်ကော်မတီက သုံးသပ်မယ်၊ ဆုံးဖြတ်ချက်ဟာ အထွေထွေညီလာခံမှာ ပေါ်ပေါက်လာမယ်၊ လိုအပ်လာရင် အဖွဲ့ဝင်နိုင်ငံ
တွေ မဲခွဲ ဆုံးဖြတ်ကြတဲ့ အထိ ဖြစ်လာလိမ့်မယ်” လို့ SAC – M က ဆိုပါတယ်။
– မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နေ့စွဲမှတ်တမ်း
– အသက်ကို ရန်မူဖို့အထိကြံစည်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းနဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း
– အာဆီယံ အထူးကိုယ်စားလှယ် အလုပ်ဖြစ်ပါ့မလား
UN အဖွဲ့အားလုံးနဲ့ ICJ မှာ မြန်မာကို ကိုယ်စားပြု ခွင့်ရမယ်
ဘယ်သူဦးဆောင်တဲ့ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ (အင်္ဂလိပ်လို “permanent mission” အဖွဲ့) ဟာ မြန်မာကို ကိုယ်စားပြုသူ ဖြစ်တယ်
ဆိုပြီး အထွေထွေ ညီလာခံကနေ ဆုံးဖြတ်ချက် ထွက်လာပြီ ဆိုရင် အဲဒီ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းအားလုံး ဥပမာ လူ့
အခွင့်အရေးကောင်စီ UNHRC၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO စသဖြင့် နေရာတွေမှာ အစည်းအဝေး အားလုံးကို မြန်မာကို ကိုယ်စားပြုခွင့် ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ တရားရုံး ICJ မှာပါ ဘယ်သူ့ကို မြန်မာရဲ့ ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုမလဲ ဆိုတာကိုပါ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က လွှမ်းမိုးမှာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အခုနှစ် ၂၀၂၁ မကုန်ခင် ဒီဇင်ဘာလ နောက်ဆုံးထားပြီး ထွက်လာဖို့ မျှော်လင့်ရတယ်လို့ SAC- M အဖွဲ့က ဆိုပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေ ရှိသမျှ အားလုံးကို ထည့်တွက်မယ် ဆိုရင်တော့ ဖြစ်နိုင်တာ နောက်တစ်ခုကတော့ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စား
ပြုခွင့်ကို NUG ကို ပေးမှာလား စစ်ကောင်စီကို ပေးမှာလား ဆိုတဲ့ ပြတ်သားတဲ့ အဖြေ ထွက်မလာနိုင်တဲ့ အခြေအနေမျိုးလည်း ကြုံကောင်းကြုံလာ ရနိုင်ပါတယ်။
အဲ့ဒါကတော့ ကိုယ်စားပြုခွင့် ဘယ်သူ့ကို ပေးမလဲ ဆိုတာကို ချက်ခြင်း မဆုံးဖြတ်သေးပဲနဲ့ ရွှေ့ဆိုင်းထားမယ် ဆိုတဲ့ ရလာဒ်မျိုးလည်း ကြုံကောင်း ကြုံလာရနိုင်ပါတယ်။
ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်လာပြီ ဆိုရင် ကုလသမဂ္ဂမှာ ဘယ်လို ဆန်းစစ် ဆုံးဖြတ်ကြသလဲ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အရင် ကြည့်ရအောင်ပါ။
နှစ်စဉ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ စက်တင်ဘာလထဲ ရှိပြီ ဆိုရင်ပဲ နောက်တစ်နှစ်သက်တမ်း ဘယ်သူက ကိုယ့်နိုင်ငံကို ကုလသမဂ္ဂ
မှာ ကိုယ်စားပြုမှာလဲ ဆိုတာကို အဖွဲ့ဝင် နိုင်ငံတွေဘက်က အရင်ဆုံး လျှောက်ထား တင်ပြကြရပါတယ်။
ဘယ်ကို တင်ရသလဲ ဆိုရင် ကုလ အတွင်းရေးမှူးချုပ်ရဲ့ ရုံးအဖွဲ့ကို တင်ရပါတယ်။ တင်တဲ့အခါ နယူးယောက် ကုလရုံးချုပ်အတွက်
ကိုယ်စားလှယ်က ဘယ်သူ၊ ဂျနီဗာ ရုံး အတွက် ကိုယ်စားလှယ်က ဘယ်သူ ဆိုတာတွေ အဆိုပြုရပြီး အရံ ကိုယ်စားလှယ် အမည်တွေ
အပါအဝင် ၅ ယောက်ရဲ့ အမည်တွေနဲ့ အတူ အကြံပေးတွေကတော့ ဘယ်သူတွေ ဖြစ်မယ် ဆိုတာကို ဖော်ပြရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ လက်ရှိ စည်းမျဉ်းတွေအရ အဲဒီ အကြံပြု ခန့်ထားချက်တွေဟာ နိုင်ငံရဲ့ အကြီးအကဲ၊ ဒါမှမဟုတ် အစိုးရ အဖွဲ့ရဲ့ အကြီးအကဲ၊
ဒါမှမဟုတ် နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြန်ရမယ်လို့ ဆိုထားပါတယ်။
ဒီနေရာမှာ မဝေးလှတဲ့ သမိုင်းမှာ ဖြစ်ခဲ့ဖူးတာ တစ်ခုကို သတိချပ်ကြစေဖို့ SAC – M အဖွဲ့က ပြောထားတာ ရှိပါတယ်။
၂၀၀၈ တုန်းကလည်း ၉၀ ရွေးကောက်ပွဲ နိုင်သူတွေထဲကနေ ကုလမှာ ကိုယ်စားပြု ခွင့်ရဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အရာမထင်ပါဘူး။
အကြောင်းကတော့ အထက်မှာ ပြောထားသလို နိုင်ငံ သို့မဟုတ် အစိုးရ အကြီးအကဲ၊ ဒါမှာမဟုတ် နိုင်ငံခြားရေး ဝန်ကြီးက တင်တာမဟုတ်
တဲ့ အတွက် သူတို့ရဲ့ လျှောက်ထားမှုဟာ ရှေ့ဆက်ပြီး ဘာမှ ဖြစ်မလာခဲ့ဘူးလို့ SCA – M က ဆိုပါတယ်။
၂။ အထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီ
အကြံပြု လျှောက်ထားချက်တွေကို ဆန်းစစ်မှာက အထွေထွေညီလာခံရဲ့ အရည်အချင်းစစ် ကော်မတီ UNGA Credentials Committee ပဲ ဖြစ်ပါတယ်။
အဲဒီ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်ပါတယ်။ ဘယ်နိုင်ငံတွေလဲ ဆိုတာကို အထွေထွေညီလာခံ သဘာပတိက အကြံပြုရပြီး၊
များသောအားဖြင့် အဲဒီ အကြံပြုချက်အတိုင်း မဲမခွဲရပဲ အတည်ဖြစ်လေ့ ရှိပါတယ်။
အစဉ်အလာကို ကြည့်မယ်ဆိုရင် တရုတ်၊ ရုရှားနဲ့ အမေရိကန် ပါလေ့ပါထ ရှိပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်ကို ကြည့်ရင် ၃ နှစ်မှာ ဥရုဂွေး ပါပါ
တယ်။ ကျန် ၅ နေရာ အတွက် နိုင်ငံတကာမှာ ဆက်ဆံရေး ကောင်းပြီး ဘယ်သူနဲ့မှ ဆက်ဆံရေး ဆိုးရွားနေတာမျိုး မရှိတဲ့ နိုင်ငံတွေ၊
ဘက်လိုက်မှု မရှိပဲ မျှမျှတတ ဆုံးဖြတ်မယ်လို့ ယူဆရတဲ့ နိုင်ငံတွေကို ကုလအတွင်းရေးမှူးချုပ်ရုံးက ချည်းကပ်ပြီး ကော်မတီထဲ ပါဝင်ဖို့
ကိစ္စ ဆွေးနွေးပါတယ်။ ဘယ်နိုင်ငံတွေလဲ ဆိုတာ နှစ်ဘက်စလုံးက လျှို့ဝှက်ထားရပါတယ်။ ကြိုတင် အသိမခံကြပါဘူး။
ဒီနောက် ဘယ်သူတွေကို လက်ခံတယ်၊ ဘယ်သူတွေကို ငြင်းပယ်တယ် ဆိုတဲ့ အကြံပြုချက်တွေကို ကော်မတီက အထွေထွေ ညီလာခံကို
တင်သွင်းပါတယ်။ များသောအားဖြင့် ကော်မတီရဲ့ အကြံပြုချက် အတိုင်း အထွေထွေ ညီလာခံကလည်း တခဲနက် အတည်ပြုပေးပါတယ်။
ဒါပေမယ့် ကွဲပြားတဲ့ အမြင်မျိုး၊ ရပ်တည်မှုမျိုးတွေ ရှိလာရင်တော့ ကော်မတီရဲ့ အကြံပြုချက်ကို လက်ခံမခံ ဆိုတာ မဲခွဲ ဆုံးဖြတ်ရပါတယ်။
တစ်နိုင်ငံတည်းက သဘောမတူ ဖြစ်နေရင်တောင် မဲခွဲ ဆုံးဖြတ်ဖို့ အဲဒီ နိုင်ငံက တောင်းဆိုနိုင်ပါတယ်။