ၾကားသိသမွ်

အာဏာရှင်ကိုကျောခိုင်း၊ ပြည်သူကို မျက်နှာမူခဲ့တဲ့ဆူဒန် စစ်တပ်လို မြန်မာစစ်သည်တော်များလည်း လုပ်နိုင်

အာဏာရှင်ကိုကျောခိုင်း၊ ပြည်သူကို မျက်နှာမူခဲ့တဲ့ဆူဒန် စစ်တပ်လို မြန်မာစစ်သည်တော်များလည်း လုပ်နိုင်

By အီဂေါဗလာဇီဗစ်

လက်ရှိမြန်မာပြည်ရဲ့ ကြေကွဲစရာအခြေအနေဟာ သဘာဝတရားလည်းမဟုတ်၊ သမိုင်းဖြစ်တည်မှုအရ ဖြစ်နေတာလည်း မဟုတ်ပါ။ လူတယောက်ထဲက ဖန်တီးတဲ့ ဘေးဒုက္ခတွေပါ။ မလွဲမရှောင်သာ ကြုံတွေ့နေရတာမဟုတ်ပါ။

တိုင်းပြည်ဟာ ပြိုလဲနေပါပြီ။ အမေတွေ အဖေတွေ အောင်စီဂျင်ပြတ်လို့ သေဆုံးနေရတဲ့ အဖြစ်မျိုးက လုံးဝကာကွယ်လို့ ရတဲ့ ကိစ္စမျိုးပါ။ ဆယ်ကျော်သက်လူငယ်တွေ အသတ်ခံရမဲ့ဘေး ကျရောက်နေပါတယ်။

မြန်မာကျပ်ငွေဟာ အငွေ့ပျံတန်ဖိုးကျနေတဲ့ စက္ကူစုတ်တွေဖြစ်လာနေပါတယ်။ မိသားစုတွေမှာ စားနပ်ရိက္ခာရှားပါးလာနေပြီ။ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုတဲ့ မြန်မာ့တပ်မတော်ဟာ ပြည်သူကိုနှိပ်ကွပ် တိုက်ခိုက်နေရတယ်။ ပြည်သူကလည်း တပ်မတော်ကို ပြန်တိုက်နေတယ်။

စစ်တပ်ဟာ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်နေရလို့ ပြည်သူကို ကြောက်နေရတယ်။ ပြည်သူက စစ်တပ်ကိုပြန်သတ်နေလို့လည်း ထိတ်လန့်နေရတယ်။ ဘာ့ကြောင့်ဒီလိုဖြစ်လာရတာလဲ။ ဒီလိုဖြစ်စရာ လိုလို့လား။

တိုင်းပြည် ပြိုဆင်းနေတာကို ကျုပ်တို့ ရပ်လို့ ရပါတယ်။ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ပဲ လိုတာပါ။ မင်းအောင်လှိုင် ကို ဖယ်ရှားပေးနိုင်မှာကလည်း စစ်သည်၊ စစ်အရာရှိများပဲဖြစ်ပါတယ်။

အချိန်တိုတိုမှာသွေးထွက်သံယိုမရှိ သူ့ကိုဖယ်ရှားလို့ ရပါတယ်။ ဒါဆိုရင် နောက်ထပ် အပျက်အဆီး အဆုံးအရှုံးတွေ မဖြစ်အောင်ရပ်တန့်လို့ ရပါပြီ။ တချို့ကတော့ မဖြစ်နိုင်ဘူး၊ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်က ရပ်ခဲ့တဲ့ ဆူဒန်စစ်တပ်အကြောင်းပြောပြပါရစေ။

ဆူဒန်မှာလည်း နှစ် ၃၀ ကျော် အာဏာယူထားတဲ့ ဗိုလ်ချုပ်ကြီး အယ်ဘရှားကို ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်ရတာပါပဲ။ သူက ကမ္ဘာပေါ်မှာ အရက်စက်ဆုံးအာဏာရှင်တွေထဲက တယောက်ပါ။

၂၀၁၈ ဒီဇင်ဘာမှာတော့ ဆူဒန်မှာ ပါမုန့်စျေးတွေ တက်တာကနေ အစပြုတဲ့ ဆန္ဒပြပွဲ ခရိုင်မြို့လေးမှာ စဖြစ်တယ်။မြန်မာပြည်မှာ ဆန်စျေးအရေးကြီးသလို ဆူဒန်မှာက ပါမုန့်စျေးအရေးကြီးပါတယ်။

မကြာခင်ပဲ ဆန္ဒပြပွဲတွေက တနိုင်ငံလုံး ကူးစက်ပြန့်နှံ့သွားတယ်။ ဆူဒန်အာဏာရှင် ဘရှားဟာ စစ်တပ်နဲ့ ရဲကိုသုံးပြီး ဆန္ဒပြပွဲတွေကို ဖြိုခွဲတယ်။အာဏာလက်မလွှတ်ရရေး အချိန်ဆွဲဖို့ အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုတယ်။

အချိန်ဆွဲလို့ရအောင် တနှစ်အတွင်းရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကတိပေး၊ စစ်တပ်ကို သုံးပြီးပြည်သူကိုတိုက်ခိုက်နေတဲ့ မင်းအောင်လှိုင် လုပ်နေတာတွေနဲ့ ဘရှားရဲ့လုပ်ပုံတွေက အတူတူပါပဲ။

ဒါပေမဲ့ မင်းအောင်လှိုင်ရော၊ ဘရှားရောရဲ့ အာဏာချုပ်ကိုင်ဖို့ အားထုတ်မှုတွေ မအောင်မြင်ခဲ့ပါဘူး။ ဆူဒန်ရော၊ မြန်မာရောမှာ လူထုကဆက်ပြီး အာဏာဖီဆန် ဆန့်ကျင်ကြတယ်။

မတူတာကတော့ ဆူဒန်မှာ အာဖရိကနိုင်ငံများသမဂ္ဂက မြန်မြန်ဆန်ဆန်လှုပ်ရှားတယ်။ ဘရှားအာဏာချုပ်ကိုင်ဖို့လုပ်တာကို သူတို့က ပြတ်ပြတ်သားသားငြင်းပယ်တယ်။ ဆူဒန်ကို အာဖရိက သမဂ္ဂထဲက ထုတ်ပစ်မယ်လို့ခြိမ်းခြောက်တယ်။

မြန်မာပြည်အရေးမှာတော့ အာဆီယံနဲ့ တရုတ်ရဲ့ တုန့်ပြန်ပုံက အာဖရိကသမဂ္ဂနဲ့ အတော်ကွာပါတယ်။ သူတို့တွေဟာ ဘာမှမလုပ်ပေးရုံမက ဘာအကူအညီမှလည်း မပေးဘူး။ ပြည်တွင်းရေး ဝင်မစွက်ဘူးလို့ တဘက်မှာ ပြောနေပေမဲ့ တဘက်မှာတော့ မရိုးမသား အကြံအစည်တွေရှိကြတယ်။

မြန်မာပြည် စီးပွါရေးပိတ်ဆို့ခံရပြီး အထီးကျန်ဖြစ်နေရင် လွယ်လွယ်ကူကူ စျေးပေါပေါနဲ့ သူတို့ အမြတ်ထုတ်လို့ ပိုကောင်းတယ်လို့ တွေးကြတယ်။ မြန်မာပြည်က သူတို့ကို မှီခိုရလေ သူတို့ အမြတ်ထွက်လေပဲ။

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာ မိတ်ဆွေများလေ၊ လူရာဝင်လေ တိုင်းပြည်တိုးတက်လေမှု မြန်လေဆိုတာကို မြင်ခဲ့ကြပြီးပြီ။ ကိုယ့်တိုင်းပြည် အကျိုးစီးပွါးအတွက် ဘယ်သူတွေနဲ့ လက်တွဲလုပ်မယ်လို့ကိုယ့်ဘာသာ ရွေးချယ်နိုင်ခဲ့ကြတယ်။

အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ အန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ထိုင်း၊ တရုတ်၊ ဩစတေးလျတွေရဲ့ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်မှုတွေကြောင့် တိုင်းပြည်စီးပွါးရေး ကြီးထွားလာတာကို မြင်ခဲ့ကြရတယ်။

မြန်မာပြည်ဟာ တရုတ်နဲ့ အာဆီယံကိုပဲ မိတ်ဖွဲ့စရာကျန်တယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်အချုပ်အခြာအာဏာဟာ သူတို့လက်ထဲ ရောက်သွားပါတော့မယ်။

သူတို့ဖြတ်တဲ့စျေး၊ သူတို့တောင်းဆိုတဲ့ အ ခြေအနေတွေ အတိုင်းသာ သူတို့ကိုမှီပြီးနေရပါတော့မယ်။ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေကို မြက်မြက် ခလေး လာဒ်ပေးထားလိုက်ရင် သူတို့က ကျေနပ်နေလိမ့်မယ်။

အောင်ခြေကတော့ ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး။ ပြည်သူတွေလည်း ဘာအကျိုးမှ မရနိုင်ပါဘူး။ မြန်မာပြည်ဟာ သယံဇာတတွေ စျေးပေါပေါနဲ့ အမြတ်ထုတ်လို့ရတဲ့နိုင်ငံ၊ ကျွန်ပြုခံ အလွှဲသုံးစားပြုခံ စျေးပေါပေါ အလုပ်သမားတွေထွက်တဲ့ နိုင်ငံဖြစ်လာပါလိမ့်မယ်။

တိုင်းပြည်ထဲကို ညစ်ငြမ်းတဲ့ လုပ်ငန်းတွေ၊ အမှိုက်သရိုက်တွေစုပြုံရောက်လာပါလိမ့်မယ်။ ဆူဒန်ကို ပြန်ကြည့်ရင် ဘရှားရဲ့ အာဏာရှင်စနစ် နှစ် ၃၀ မှာတိုင်းပြည်ဟာ စုတ်ပြတ်သွားတာပါပဲ။

ပညာရေး၊ကျန်းမာရေး၊ လယ်ယာ၊ လမ်းတံတား အကုန်လုံးယိုယွင်းပျက်စီးခဲ့တယ်။ ဘရှားဟာ တချိန်လုံး ဆူဒန် လူမျိုးစုငယ်တွေ၊ လက်နက်ကိုင် ဆန့်ကျင်တဲ့ အဖွဲ့တွေကို စစ်ဆင်နွဲနေခဲ့တယ်။

နိုင်ငံတကာက စီးပွါးရေး ဒဏ်ခတ်ပိတ်ဆို့မှု့ကတိုင်းပြည်ကို ပိုပြီး ချိနဲ့စေပြန်တယ်။ ပြည်သူတွေက နောက်ဆုံး တော်လှန်ဆန့်ကျင်တော့ လူသတ်၊ လုယက်၊နှိပ်စက်၊ မုဒိန်း နည်းတွေနဲ့ ဖိနှိပ်ဖြိုခွဲဖို့ ကြိုးစားတယ်။

ဒါပေမဲ့ ရဲရင့်တဲ့ ပြည်သူတွေဟာ လနဲ့ချီပြီး ဆက်ဆန့်ကျင်တယ်။ မြန်မာပြည်က သတ္တိပြောင်တဲ့ ပြည်သူတွေရဲ့ မအလ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလိုပါပဲ။

၃ လလောက်ကြာတဲ့ အခါမှာတော့ ဆူဒန်စစ်တပ်ဟာ ဘရှားရဲ့လမ်းစဉ်နဲ့တော့ ဘယ်မှ မရောက်နိုင်ဘူးဆိုတာကို သိလာကြတယ်။ လူထုတရပ်လုံးက ဘရှားကို မုန်းကြတာ၊ နိုင်ငံတကာမှာ လူရာမဝင်တာတွေကို ဆူဒန်စစ်တပ်ကသဘောပေါက်လာကြတယ်။

ဧပြီ ၁၁ မှာ စစ်တပ်က အာဏာသိမ်းပြီး ဘရှားကို ဖယ်လိုက်တယ်။ ဒီဖြစ်ရပ်မှာ အာဖရိကနိုင်ငံများသမဂ္ဂနဲ့ အီသီယိုးပီးယား ဝန်ကြီးချုပ်တို့ရဲ့ ပါဝင်မှုက အရေးပါတယ်။ သူတို့ဟာ ဆန္ဒပြခေါင်းဆောင်တွေရဲ့ “ လွတ်လပ်ရေး နဲ့ပြောင်းလဲရေး မဟာမိတ်” နဲ့ရော၊ ဘရှားကို ဖယ်လိုက်တဲ့ အာဏာသိမ်းခေါင်းဆောင်တွေနဲ့ပါစကားပြောတယ်။

နောက်ထက်ညှိုနှိုင်းမှုတွေ အပြီးမှာ နိုင်ငံရေး သဘောတူညီချက်နဲ့ အခြေခံဥပဒေကြေငြာချက်ထွက်လာတယ်။လူထုလှုပ်ရှားမှုကလည်း ဆက်ရှိနေခဲ့တာကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုသက်တမ်း ၈ လအကြာမှာကြားကာလစစ်ကောင်စီ ( TMC) ဟာ အရပ်သားဝန်ကြီးချုပ် ပါဝင်တဲ့ အရပ်သား- စစ်သားပူးတွဲ အဖွဲ့ကို အာဏာလွှဲပေးခဲ့တယ်။

အကူးအပြောင်းကာလ ၂ နှစ်ကြာခဲ့ပေမဲ့ ဆူဒန်ဟာ ပိုကြီးမားတဲ့ ဘေးဒုက္ခနဲ့ အပျက်အစီးကိုရှောင်လွှဲနိုင်ခဲ့တယ်။ တကယ်တော့ ဘရှားရဲ့အာဏာရှင်စနစ်ဟာ စစ်တပ်ကိုပဲ အမှီပြုတည်ဆောက်ထားတာပါ။

စစ်တပ်က ဘရှားအတွက် စစ်တိုက် ပေးရ၊ လူသတ်ပေးရ၊ ယုတ်မာပက်စက်တာတွေ အကုန်လုက်ပေးရတယ်။ ဒါပေမဲ့ ထိပ်ပိုင်းအရာရှိတွေက လွဲပြီး ကျန်တဲ့စစ်ဗိုလ်စစ်သားတွေဟာ ဆင်းဆင်းရဲရဲ နိမ့်နိမ့်ကျကျနေကြရတယ်။

လစာကလည်းနည်း၊ တပ်ထဲက ထွက်ဖို့ဆိုတာလည်း မလွယ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်နေကြတာ၊စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာနဲ့ သူတို့ရဲ့ စီးပွါးရေး အကျိုးစီးတွေကို သစ္စာရှိတာဟာ တိုင်းပြည်ကို သစ္စာရှိတာပဲဆိုတဲ့ ဝါဒဖြန့်စကားတွေနဲ့လည်း စစ်တပ်ကို ချည်ထားတယ်။

ဆန္ဒပြတဲ့သူတွေဟာ ပြည်ပဩဇာခံတွေဆိုတဲ့ မုသားကိုလည်း အမြဲတမ်းပြောနေတယ်။ တော်လှန်ဆန့်ကျင်သူတွေမရှိရင် အားလုံးချမ်းသာကြတော့မှာ ဆိုတဲ့ မုသားကိုလည်း အခိုင်အမာတည်ဆောက်ထားတယ်။ အမိန့်မနာခံရင်တော့ ကိုယ်တင်မက ကိုယ့်မိသားစုပါ အပြစ်ပေးခံရမယ် ခြိမ်းခြောက်မှုနဲ့လည်း အုပ်ချုပ်ထားတယ်။

သာမန် ဆူဒန်စစ်သားတွေဟာ အရပ်သားတွေကိုပစ်သတ်ရတဲ့ အလုပ်ကို ကျေနပ်နေကြတာ မဟုတ်ဘူး၊အာဏာရှင်ကို စိတ်ကုန်နေကြတယ် ဆိုတာကို ဆန္ဒပြခေါင်းဆောင်တွေက သိတယ်။

စစ်သားတွေ စစ်တပ်အပေါ် သစ္စာရှိနေကြတာဟာ ပညာမတတ်တာ၊ ကြောက်တာ၊ ဝါဒမှိုင်းမိတာ၊ ဆင်းရဲတာ၊မုသားတွေထဲနေကြရတာ၊ မျော်လင့်ချက်မဲ့တာ၊ အကြမ်းဖက်တဲ့အလုပ်နဲ့ပဲ တသက်လုံးယဉ်ပါးခဲ့တာ၊ခေါင်းဆောင်တွေက ကလိန်ကျ အမြတ်ထုတ်ထားတာတွေကြောင့်ဆိုတာကို ဆန္ဒပြခေါင်းဆောင်တွေက သိတယ်။

ဒါ့ကြောင့် အလယ်အလတ်နဲ့ အောက်လွှာက စစ်သားတွေ၊ အစွန်အဖျားက တပ်စခန်းတွေ ကိုယ့်ဘက်ပါလာဖို့အတွက် သေချာပြင်ဆင်ထားတဲ့ သတင်းစကားတွေ စနစ်တကျဖြန့်တယ်။

မင်းတို့က စစ်သားတွေပေမဲ့ အာဏာရှင်အောက်မှာ ခံနေရတာချင်းက တို့အားလုံး အတူတူပါပဲ။ ပြည်သူ့စစ်သားတကယ်ဖြစ်ဖို့ ငါတို့ဘက်လာပါလို့ ဖိတ်ခေါ်ကြတယ်။
အဲဒီသတင်းစကားတွေ ရောက်တယ်လို့ဆိုရမှာပါ။

ဆူဒန်စစ်တပ်ဟာ အာဏာနဲ့ လောဘကြီးပြီး၊ ဘာအရည်အချင်းမှ မရှိတဲ့ ဘရှားကိုတော်လှန်အာဏာသိမ်းတယ်။ မျှော်လင့်ချက်ရှိတဲ့ သမိုင်းစာမျက်နှာသစ်ကိုဖွင့်တယ်။
မြန်မာပြည်မှာလည်း အလားတူဖြစ်နိုင်ပါတယ်။

တိုင်းပြည်ပြိုလဲနေတာကို ရပ်တန့်ဖို့ဖြစ်နိုင်ပါတယ်။ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ တခုထဲ လိုနေတာပါ။ စစ်သည်တော်၊ စစ်အရာရှိတို့ လုပ်နိုင်ပါတယ်။ အာဏာနဲ့ လောဘ ရမက်ကြီးသလောက်၊ အရည်အချင်းမဲ့ ရက်စက်လှတဲ့မအလ ကို ဖယ်ရှားပြီး သမိုင်းစာမျက်နှာသစ်ဖွင့်လုပ်နိုင်ပါတယ်။

ဆင်းရဲဒုက္ခနွံထဲက တိုင်းပြည်ကို ကယ်တင်ပြီး အမှန်တကယ် ပွင့်လန်းတဲ့ ရွှေပြည်ဖြစ်အောင် လုပ်နိုင်ပါတယ်။