ၾကားသိသမွ်

ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ကို မြန်မာ အထူးကိုယ်စားလှယ်အဖြစ် လျာထား

ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ကို မြန်မာ အထူးကိုယ်စားလှယ်အဖြစ် လျာထား

သြဂုတ် ၂

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကြားဝင် စေ့စပ်နိုင်ရေး အတွက် အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို လျာထား ခန့်အပ်ထားပြီ ဖြစ်ကြောင်း အမည်မဖေါ်လို့တဲ့ အာဆီယံ သံတမန် ၂ ဦးက အေပီ သတင်း ကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီလျာထား ခန့်ထားမှုကို မြန်မာ စစ်ကောင်စီဘက်က သဘောတူမှသာ တရားဝင် သတင်းထုတ်ပြန် နိုင်မှာ ဖြစ်ကြောင်း အဲဒီ သံတမန်တွေက ပြောပါတယ်။

အခုလို ကိုယ်စားလှယ် ခန့်အပ်ထားမှုကို မြန်မာ စစ်ကောင်စီ ရဲ့ သဘောတူညီချက် မပါဘဲ ခန့်အပ် နိုင်မှာ မဟုတ်ပါ။ စစ်ကောင်စီ ဘက်ကတော့ ချက်ခြင်း သဘောထား တုန့်ပြန်တာမျိုး မရှိသေး ကြောင်း သိရပါတယ်။

ဘာကြောင့် အခုလို မြန်မာဘက်က သဘောထား မပေးသေးတာလည်း ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အာဆီယံ ဝန်ကြီးတွေဟာ သူတို့ရဲ့ အထူးကိုယ်စားလှယ် အနေနဲ့ လုပ်ငန်းတွေ ဖြစ်နိုင်သမျှ အမြန်ဆုံး စတင်နိုင်ဖို့ အတွက် မြန်မာ စစ်ကောင်စီကို ဖိအားပေးနေတယ်လို့လည်း သံတမန် တဦးက ပြောပါတယ်။

စစ်ကောင်စီ ဘက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း သံအမတ် ဟောင်း Virasakdi Futrakul ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် အဖြစ် ခန့်ထားစေ ချင်တယ်လို့ ဆိုပါတယ်။

၅၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နဲ့ အာဆီယံ နဲ့ ဆွေးနွေးဘက် နိုင်ငံများ အစည်းအဝေးကို အွန်လိုင်း ဗီဒီယို ကွန်ဖရန့် နဲ့ သြဂုတ်လ ၂ ရက်နေ့ ကနေ ၇ ရက်နေ့ အထိ ကျင်းပ နေတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် လည်း တက်ရောက် နေတာ ဖြစ်ပါတယ်။

မြန်မာ့အကျပ်အတည်းကို ကြားဝင် ဖို့ နိုင်ငံတကာက အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ အာဆီယံ အပေါ် ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်း နဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေဟာ ဧပြီလ တုန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မှာ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့သလို၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ပြီး သက်ဆိုင်သူအားလုံး အကြား
ကြားဝင် စေ့စပ်ညှိနှိုင်းဖို့ ကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတုန်းက အစည်းအဝေးကို မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် ခဲ့တာလည်း ဖြစ်ပါတယ်။

Ref: AP