ကျနော်ကတော့ ကိုယ်ပိုင်အမှတ် တ/၄၀၉၇၇၅ တပ်ကြပ်ကြီးရဲမင်းနိုင် ဖြစ်ပါတယ်ခင်ဗျ။ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အမှတ်စဥ် (၇) ကို ၂၀၀၉ ခုနှစ်မှာတက်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် မှာ သင်တန်းဆင်းကာ တပ်ကြပ်ကြီးရာထူးဖြင့် မြဝတီသတင်းစာတိုက် (နေပြည်တော်) ၊ ကွန်ပျူတာဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့ထိ ၁၂ ကျော်ကြာ တပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်ရဲ့ မတရားအာဏာသိမ်းမှုကို မလိုလားမထောက်ခံပါသဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်တွေမှာ စတင်၍ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်ခင်ဗျ။
ကျွန်တော်က တပ်မတော်ပိုင်မီဒီယာတစ်ခုဖြစ်တဲ့ သတင်းဌာနတစ်ခုမှာ ၁၀နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အာဏာသိမ်းမှုဖြစ်စဥ်ဟာလုံးဝလက်ခံစရာမရှိတဲ့ကိစ္စတစ်ခုပါခင်ဗျ။
“သူတို့သတင်းဌာနတွေဟာ အပြင်လောကမှာဖြစ်ပျက်နေတဲ့အမှန်တရားကို အထဲမှာရှိတဲ့ တပ်မတော်သားတွေကိုဖုံးကွယ်ဖို့အတွက်၊ သူတို့လိုချင်တဲ့ပုံစံထဲသွင်းလို့ရအောင် psy war လက်နက်တစ်ခုအဖြစ်နဲ့အသုံးပြုနေတာပါ။ အဲလိုအလုပ်တစ်ခုမှာ လုပ်ဆောင်နေရတာဟာ ကျွန်တော်ကိုယ်တိုင်က လိမ်ညာမှုကြီးထဲမှာ ပါဝင်နေရတဲ့ပုံစံဖြစ်နေတယ်။ အမှန်တရားတွေကိုဖုံးကွယ်နေရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။
မမြသွဲ့သွဲ့ခိုင်သေဆုံးမှုမှာဆိုရင် သူတို့ကျည်မဟုတ်သလိုလို တခြားသူတို့မဟုတ်တဲဲ့လက်နက်ရှိတဲ့အဖွဲ့အစည်းတစ်ခုခုကပဲ ပစ်ခတ်လိုက်သလိုလိုနဲ့ လိမ်ညာဖုံးဖိဖို့ကြိုးစားပါတယ်။ အဲလိုအလုပ်တစ်ခုမှာ ကျွန်တော်ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေရတာဟာ ဘယ်လိုမှလိပ်ပြာမလုံခဲ့ဘူး။”
ရွေးကောက်ပွဲရလဒ်ကြောင့်လို့သူတို့မတရားစွပ်စွဲခဲ့တယ်။ အမှန်တကယ်က ရွေးကောက်ပွဲနေ့မှာ ခိုးကြောင်ခိုးဝှက်နဲ့ မဲရုံစောင့်ကြည့်ဖို့တွေ တရားမဝင်စေလွှတ်ခဲ့တာဟာ တပ်မတော်ကိုယ်တိုင်ကပါ။ကျွန်တော်ကိုယ်တိုင်စေလွှတ်ခြင်းခံရပါတယ်။ကို့အစီစဥ်နဲ့ကိုယ်အရပ်ဝတ်နဲ့သွားခိုင်းတယ်။ပြသနာတစ်ခုခုဖြစ်ရင် ကိုယ့်ဘာသာကိုယ်ဖြေရှင်းဖို့ပါမှာလိုက်ပါသေးတယ်။တာဝန်ယူမှုကင်းမဲ့လွန်းတဲ့လုပ်ရပ်တစ်ခုပါ။
တပ်မတော်ဟာ အမိန့်ဆိုတဲ့စကားတစ်ခုကိုအသုံးချပြီး ရာထူးကြီးသူ အာဏာရှိသူသာအမှန်ဆိုတဲ့ တရားမျှတမှုမရှိတဲ့အမိန့်တွေနဲ့ခိုင်းစေနေပြီး သူတို့ကိုယ်ကျိုးအတွက် အဆင့်ဆင့်ကောင်းစားဖို့ကို ရာထူးငယ်တဲ့အဆင့်ဆင့်က အသုံးချခံနေရတဲ့အဖွဲ့အစည်းကြီးတစ်ခုပါ။
ဒီလုပ်ရပ်ကိုလုပ်ဖို့အတွက်ကြိုတင်ကြံစည်ထားပုံရပါတယ်။ ကိုဗစ်စဖြစ်ကတည်းက ရောဂါအကြောင်းပြပြီး အခြအဆင့်စစ်သည်တွေကို တပ်ပြင်ထွက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ရောဂါထက် အပြင်လောကနဲ့အဆက်အသွယ်ပြတ်ဖို့အတွက်ရည်ရွယ်တယ်လို့ပဲထင်ပါတယ်။ သူတို့တာဝန်အရခိုင်းစေသူမှအပ ထွက်ခွင့်မပေးခဲ့ပါဘူး။
အာဏာသိမ်းမှုလုပ်ရပ်ဟာ သူတို့ရာထူးကြီးပိုင်းတွေ အာဏာရူးပြီးလုပ်ရပ်ပါ။ သူတို့ကိုယ်ကျိုးစီးပွားအတွက် ရာထူးအာဏာတွေကိုလက်ကိုင်တုတ်အဖြစ်အသုံးချနေတဲ့အဖွဲ့အစည်းကြီးမှာ လုံးဝတာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တာကြောင့် CDMလုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါတယ်။ NUG ရဲ့ မည်သည့်အခန်းကဏ္ဍမှာဖြစ်ဖြစ် လိုအပ်တဲ့နေရာမှာ တော်လှန်ရေးကြီးအောင်မြင်ချိန်ထိ တာဝန်ထမ်းဆောင်ပေးဖို့အဆင်သင့်ပါ။
#PeopleSoldiers #ပြည်သူ့စစ်သားများ