မောင်ထွန်းလင်းနိုင်သည် အရှေ့ဒဂုံမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တခုတွင် နေထိုင်သူဖြစ်ပြီး
မိဘများမှာ ကျပန်းလုပ်ကိုင်ကြသည်။ မွေးချင်းမောင်နှမ ၄ဦးအနက် အကြီးဆုံးဖြစ်ပြီး
မောင်ထွန်းလင်းနိုင်က ဆဌမတန်းကျောင်းသားတစ်ဦ်းဖြစ်သည်။
မိဘများကနွမ်းပါးသည့်အတွက် ပညာသင်ယူရန် အခက်အခဲဖြစ်ခဲ့သော်လည်း
ကျောင်းတက်ချင်ပြီး ပညာလိုလားသည့် မောင်ထွန်းလင်းနိုင်ကို မေတ္တာသဂ်ဟ
ပရဟိတလူမှုကုညီရေးအသင်းက ကျောင်းထားပေးနိုင်ရန် ကူညီခဲ့ကာ စားဝတ်နေရေးမှအစ
တာဝန်ယူပေးခဲ့သည်။
ပညာလိုလားသည့် မောင်ထွန်းလင်းနိုင်သည် ပရဟိတလူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း
စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မေတ္တာသဂ်ဟအသင်း၏ အသက်ငယ်ဆုံး
စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့သည်။
ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် လူအသေအပျောက်များစွာရှိခဲ့ပြီး
ရန်ကုန်မြို့၌တနေ့လျှင် ၁၀၀၀ ခန့် ပျမ်းမျှ သေဆုံးခဲ့နေကြောင်း နာရေးပရဟိအသင်းများအဆိုအရသိရသည်။
မြို့နယ်အသီးသီးရှိ သုဿန်များတွင် အလောင်းများစုပြုံထပ်နေပြီး မီးသဂြိုလ်စက်ပင်
မနိုင်တော့သည့်အထိ သေဆုံးမှုများပြားခဲ့သည်။ မိသားစုဝင်များ အားလုံးနီးပါးဖျားနာနေကာ
နာရေးသယ်ယူပို့ဆောင်ရန်ပင် မတတ်နိုင်တော့လောက်အောင် အခက်အခဲဖြစ်နေကြသည့်
ပြည်သူအမြောက်အမြားရှိခဲ့ပြီး စေတနာ့ဝန်ထမ်းများမှာလည်း လက်မလည်နိုင်အောင်ပင်
အလုပ်များခဲ့ကြရသည်။ဆိုးရွားလှသည့် ကပ်ရောဂါဆိုး၏ နှိပ်စက်မှုဒဏ်ကို မကြောက်မရွံ့
မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စားအနစ်နာခံပေးဆပ်ခဲ့ကြသည့် ပရဟိတ
လူငယ်မောင်မယ်များစွာ ရှိခဲ့ပြီး မောင်ထွန်းလင်းနိုင်သည် ထိုစေတနာ့ဝန်ထမ်းများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။
အအိပ်အစားမမှန် ပင်ပန်းဆင်းရဲ ဒုက္ခများကြားမှ စိတ်ပျက်ငြီးငွေ့ခြင်းမရှိဘဲ တက်ကြွစွာနှင့်
နာရေးကူညီမှု လုပ်ငန်းများကို မိမိအသက်အားပဓာနမထား စွန့်လွှတ်စွန့်စား ကူညီဆောင်ရွက်ပေးနေသူ
အသက် ၁၄ နှစ်အရွယ်ရှိ ဆဌမတန်းကျောင်းသားမောင်ထွန်းလင်းနိုင်အကြောင်းတင်ပြလိုက်ပါသည်။
#ကိုဗစ် #ပရဟိတ #ရန်ကုန် #နာရေး #ဖိုတိုအက်ဆေး #MPA