စစ်ကောင်စီတပ်စခန်း ၄ ခုအား ကေအိုင်အေ ဝင်တိုက်
30 July 2021 – Kachinwaves
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ခုကို ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းတွင် ကေအိုင်အေ မှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဝိုင်းမော်မြို့က စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ညတွင် တိုက်ခိုက်ခဲ့ပြီး မိုးကောင်းမြို့က စစ်ကောင်စီတပ် စကခရုံးနှင့် ဖားကန့်သွားလမ်း မရန်ကထောင်ကျေးရွာရှိ စစ်ကောင်စီတပ် ဂိတ်ကိုလည်း ကေအိုင်အေ မှ ယနေ့နံနက်ပိုင်း သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လီဒိုလမ်းမပေါ်ရှိ မရန်ကထောင် စစ်ဆေးရေးဂိတ် (ပုံအဟောင်း)
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်တွင်လည်း စစ်ကောင်စီ ယာဉ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ခလရ (၅၈)တပ်ရင်းကို ဇူလိုင်၂၉ရက်ည ၁ဝနာရီခွဲခန့်တွင် ကေအိုင်အေ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားစောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အလစ်ဝင်တိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်များဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများသည်ဟု ဒေသခံများက ပြောဆိုထားသော်လည်း ကေအိုင်အေ မှ အတည်ပြုထားခြင်းမရှိကြောင်း သိရသည်။
“ဝိုင်းမော်ကို သွားတိုက်ခိုက်တာ ခြေလျင်တပ်နဲ့သွားတိုက်တာ အသေးစိတ်တော့ မသိရသေးဘူး”ဟု ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် တပ်သားများ
စစ်ကောင်စီတပ်များ အလစ်ဝင်တိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သည့်အတွက် လဘန်ကျေးရွာမှ ကုမ္ပဏီဝင်းတစ်ခုတွင် ကျရောက်ပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များသည် လိုင်ဇာမြို့ဘက်သို့ ဇူလိုင် ၃ဝရက် နံနက် ၁နာရီခွဲခန့်တွင် လက်နက်ကြီး အကြိမ် ၂၀ ကျော်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်တို့ တပ်စွဲထားသည့် ခရာဘွမ်နှင့် ဖွန်ပြန်ဘွမ်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ပစ်ခတ်ခဲ့သည့်အတွက် ကေအိုင်အေ အမှတ်(၅)တပ်မဟာ တပ်ရင်း(၁၈)၊ (၁၉)နေရာနှင့် အာလဲန်ဘွမ်အနီးတွင် ကျရောက်ခဲ့ကြောင်း သိရသည်။
KIA မှ လက်နက်ကြီး ပစ်ခတ်နေစဉ် (ပုံအဟောင်း)
ရှမ်းပြည်နယ်မြောက်ပိာင်းတွင်လည်း စစ်ကောင်စီတပ် ယာဉ်တန်းကို ကေအိုင်အေ မှ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်ဘက်သို့ စစ်ကောင်စီတပ်သားများ သင်္ဘောများ ကားများဖြင့် တက်လာပြီး စစ်အင်အားထိုးလာကြောင်း သိရသည်။