ၾကားသိသမွ်

ရင်နင့်ဖွယ် ဖြစ်ပျက်ကြုံတွေ့ရတာတွေ ပြောပြလာတဲ့ ပန်ဆယ်လို

ရင်နင့်ဖွယ် ဖြစ်ပျက်ကြုံတွေ့ရတာတွေ ပြောပြလာတဲ့ ပန်ဆယ်လို

အာဏာသိမ်းတယ်ဆိုတာ စာတွေထဲပဲ ဖတ်ဖူးခဲ့တာ၊ တစ်ခါမှမကြုံခဲ့ဖူးတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုတွေးခေါ်နိုင်စွမ်း နည်းခဲ့တယ်။

အာဏာသိမ်းနံနက်ခင်းမှာ လာဖမ်းတယ်။ မျိုးစုံလှည့်စားပြီး သုံးရက်မြောက်နေ့မှာ အိမ်က ထွက်ပြေးနိုင်ခဲ့တယ်။ ရက်ပိုင်းအတွင်း အိမ်ပြန်ရမှာပဲလို့ တွေးခဲ့ပေမယ့် တဖြည်းဖြည်း အိမ်နဲ့ ပိုဝေးလာခဲ့တယ်။

ကိုယ်ပဲ ဝရမ်းပြေးဖြစ်မယ်၊ ကိုယ် ထွက်ပြေးရင် ရပြီလို့ တွေးခဲ့ပေမယ့် တကယ်တမ်းအခြေအနေက အဲ့လို မဟုတ်ခဲ့ဘူး။ မိသားစုတွေကိုပါ လိုက်လံဖမ်းဆီးတဲ့ အခြေအနေဖြစ်လာတယ်။ မိသားစုပါ ဝရမ်းပြေးဖြစ်လာတယ်။ အသက်၃ နှစ်ကျော် ကလေးပါ ကိုယ့်ကြောင့် ဝရမ်းပြေးဖြစ်ခဲ့ရတယ်။

နေပူထဲ နှစ်နာရီလောက်လမ်းလျှောက်၊ ရင်ခေါင်းလောက်ရှိတဲ့ ရေထဲကနေ ဖြတ်ပြီး မိသားစုလိုက် ပြေးကြရတာ။ ကိုယ့်သမီးလေးခဗျာ မောလွန်းလို့ အဖိုးပုခုံးပေါ် အိပ်ပျော်သွားတဲ့အထိ။ ကိုယ့်မှာ ကိုယ့်မိသားစု လွတ်မြောက်နယ်မြေ မရောက်ခင်ထိ တစ်ရက်မှ ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ ပူပန်နေတာတွေ လူမသိအောင်၊ ကြေကွဲရတာတွေ သူတို့မသိအောင် အတင်းမာဆုံး ရပ်တည်ခဲ့တယ်။

သမီးလေး ကိုယ့်ဘဝထဲရောက်လာကတည်းက တစ်ခါမှ မခွဲခဲ့ဖူးဘူး။ ဒီတစ်ခါခွဲခဲ့ရတာ နှစ်ဝက်နီးပါး။ အနေဆင်းရဲ အစားဆင်းရဲတွေကြား သမီးက အိမ်ပြန်မယ်ဆိုပြီး အော်ငိုတဲ့အခါ ဘယ်လိုချော့ရမယ်မသိတဲ့ အချိန်တွေ။

အိမ်မှာ လူဆိုးကြီးတွေ ရှိတယ်သမီးရယ်။ မေမေ့တို့ အိမ်ပြန်လို့မရဘူး။ လူဆိုးကြီးတွေ သေမှ မေမေတို့ အိမ်ပြန်လို့ရမှာ။ မီးမီးက မေမေ့ဆီလိုက်လာရမှာလို့ တတ်သလောက် မှတ်သလောက် နှစ်သိမ့်ရင်းပေါ့။

သူမှတ်မိနေတဲ့ မှတ်ဉာဏ်ထဲက သူ့ကုတင်လေး၊ သူ့အရုပ်တွေ၊ သူကားလေးတွေ။ မီးမီးအိမ်က ဘယ်ရောက်သွားတာလဲလို့ ထထမေးတဲ့အခါ ရင်နင့်ရတဲ့ အချိန်တွေ။

အိမ်ပြန်မရောက်ပေမယ့် အမေ့ရင်ခွင်ပြန်ရောက်တာနဲ့တင် အဆိုးထဲက အကောင်းပါပဲ။ သူ့ရဲ့ ဆံပင်ကောက်ကောက်လေးတွေက ကတုံးဖြစ်သွားတယ်။ ပါးဖောင်းဖောင်းလေး အသားဖွေးဖွေးလေးသာလည်း ပိန်ကျညိုပြာလာတဲ့အထိ။ စစ်အာဏာရှင်စနစ်ဆိုးဆိုတာ ဒါပဲ သမီးရဲ့လို့ တစ်ချိန်ကျ မေမေက ပြောပြဖြစ်ဦးမှာ။ မီးမီးအတွက် အရုပ်သွားဝယ်ဦးမယ်လို့ လိမ်ပြီးထွက်သွားတဲ့ အမေနဲ့ နှစ်ဝက်ကြာမှ ပြန်ဆုံခွင့်ရတာ စစ်အာဏာရူးတွေရဲ့ ရက်စက်မှုပဲ။

အခု ဒီမှာ မေမေက သမီးကို အရင်လို အိမ်အကောင်းကြီးနဲ့ မထားနိုင်တော့ဘူး။ အမေက လုပ်ငန်းရှင်တစ်ယောက်လည်း မဟုတ်တော့ဘူး။ ဒါပေမယ့် အမေတတ်နိုင်တာထက် ပိုကြိုးစားပြီး သမီးကို ဂရုတစိုက် ကြင်နာမှာ။

လွမ်းနေခဲ့တာ သမီးရယ်။ မေမေတို့ ပြန်ဆုံခွင့်ရလို့ ဝမ်းသာရပေမယ့် ပြန်ဆုံခွင့်မရတော့တဲ့ မိသားစုတွေ၊ ပြန်ဆုံခွင့်မရသေးတဲ့ မိသားစုတွေအတွက် ရင်နင့်နေဆဲပဲ။

မေမေက သမီးအနားမှာရှိတဲ့ အင်အားတွေနဲ့ ပြန်ဆုံခွင့်မရသေးသူအတွက် ကျရာဘဝ နိုင်ရာနေရာက ဆတိုးပါဝင်သွားဦးမှာဆိုတာ ကတိပေးပါတယ်။ မေမေတို့ တိုင်းပြည်ထဲမှာ သမီးလို အမေ့ရင်ခွင်ပြန်မရောက်သေးတဲ့ ကလေးငယ်တွေ အတွက်ရောပေါ့။ ပိတ်မိနေတဲ့ သူတို့လေးတွေ အနာဂတ်အတွက်ရောပေါ့။

ဒီကြားကာလတွေမှာ ဒုက္ခတွေကို ဖြတ်သန်းပေးခဲ့တဲ့ သမီးလေးကိုလည်း မေမေ အမြဲကျေးဇူးတင်နေမှာပါ။

အိပန်ဆယ်လို