ၾကားသိသမွ်

ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမယ် ကြံနေသူ

ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမယ် ကြံနေသူ

နိုင်ငံ အတွင်းရှိ အကျဉ်းထောင်များ အတွင်း ကိုဗစ် ရိုက်ခတ်မှုဒဏ် ပြင်းထန်နေသည်ကို မိမိတို့ လွန်စွာ စိုးရိမ်မကင်း ဖြစ်လျှက်ရှိပြီး လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ယခုအခါ ပြန်လည် ဝင်ရောက် ကြည့်ရှုနိုင်ရန် အကျဉ်းထောင် အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းလျှက် ရှိနေသည်ဟု ICRC ကကြေညာချက် ထုတ်ပြန်လာခဲ့သည်။

CRPH မှ ထောင်တွင်းရှိ မိမိတို့ ယုံကြည်ချ က်ကြောင့် အကျဉ်းကျခံနေရသူများကို အကူအညီပေးပါရန် ICRC အား တောင်းခံခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ ဂုဏ်သိက္ခာ နှင့် လျှော်ညီစွာ အသက်ရှင် နေထိုင်ခွင့် ပေး မထား ဟုလည်း ဆိုသည်။

ထောင်အတွင်းရှိ အကျဉ်းကျခံနေရသူများ နှင့် တသားတည်း ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် ရန်ကုန်မြို့ တွင် သံပုံးတီးသံများ ပြန်လည်၍ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြန်သည်။


အာဏာသိမ်း အဖွဲ့ကို ထောက်ခံခဲ့သူများပါ အပါအဝင် လူထုကြီး တရပ်လုံးက ၎င်းတို့ အရည်အချင်းနှင့် ထိန်း ချုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု နည်းနည်းလေးမှ အယုံအကြည်မရှိ ဖြစ်နေပေသည်။ လိမ်ပါများပြီး လုပ်ကြံ ဖန်တီး မှုများက လိုတာထက် ပိုနေ၍ အမှန်ပြောလည်း မည်သူမျှ မယုံကြတော့ပေ။ မြန်မာပြည်အရေး အပေါ် နိုင်ငံရေးရော၊ ကျန်းမာရေး ကဏ္ဍတွင်ပါ တခုတလေမျှ ကူညီပေးဖေါ် မရသေးသည့် အာဆီယံ အတွက် စထရိတ်တိုင်း သတင်းစာတွင် အာဆီယံ သည် ဒေသတွင်း အဖွဲ့ငယ်လေးသာ ဖြစ်ပြီး အရာရာကို ဥံဖွ မန်း‌၍ ကုသနိုင်သည့် အစွမ်း မရှိကြောင်း ဖာဖာထေးထေး ရေးလာသည်ကို တွေ့ရသည်။ သို့သော် အာဆီယံသည် နာဂစ် မုန်တိုင်း တုန်းကကဲ့သို့ ဝင်ရောက် အကူအညီပေးရန် ကမ်းလှမ်းလာခဲ့ခြင်းမျိုး မရှိသေးပေ။

တရုတ်ရှိ ထိပ်တန်း ကျန်းမာရေး ပညာရှင်တဦးက မြန်မာ နိုင်ငံ၏ သေဆုံးမှုနှုန်းသည် ၃% ခန့် ရှိနေပြီး အင်္ဂလန် (၀.၀၉%)၊ စင်္ကာပူ (၀.၀၆%) ထက် များစွာ ကျော်လွန်နေသဖြင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်လူမျိုးများအား ‌ရောဂါပိုး ပျံ့နှံ့နေသည့် အတွက် အစစ အရာရာ သတိဝီရိယ ဖြင့် နေထိုင်ကြရန် ထုတ်ဖေါ်ပြောဆိုလိုက်သည်ကို တရုတ်အစိုးရ အာဘော် တပိုင်း ဖြစ်သည့် အမျိုးသားရေး သတင်းစာ ဂလိုဘယ်တိုင်းမ်တွင် ဖေါ်ပြထားသည်။

ရှန်ဟိုင်း မြို့တော် ကိုဗစ် တိုက်ဖျက်‌ရေး ဆေးပညာ အဖွဲ့ အကြီးအကဲလည်း ဖြစ်သည့် ကျောက် ဝေဟောင်း က နိုင်ငံအတွင်း ကျန်းမာရေး အရင်းအမြစ်များ ပြည့်စုံလုံလောက်မှု မရှိ ဖြစ်နေသည့် အတွက် မိမိတို့ တရုတ် လူမျိုး များ ကူးစက်ခံရမည့် အန္တရာယ် လွန်စွာ မြင့်မားနေသည်ဟု ဆိုသည်။


အောက်စီဂျင်သည် ကိုဗစ် ကုသရေး အတွက် လွန်စွာ အရေးပါသဖြင့် မိမိတို့ အနီးအနားရှိ ဆေးရုံများတွင် ရနိုင် မှု ရှိမရှိ ဆိုသည်ကို ကြိုတင် စုံစမ်းထားရန် လိုသည်ဟု ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။

မန္တလေး ရှိ တရုတ် ကောင်စစ်ဝန် ရုံးမှ တဆင့် တရုတ် စီးပွားရေး လုပ်ငန်းရှင်များ နှင့် အွန်လိုင်း ဆွေးနွေးရာတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

ဤသည်ကို ကြည့်လျှင် အောက်စီဂျင်သည် ဆေးရုံများတွင် အလုံအလောက် ရှိနေပါသည် ဟု အာဏာသိမ်း ခေါင်းဆောင် ကိုယ်တိုင် ပြောသည့်စကားကို တရုတ်ဖက် မှ ပယ်ချလိုက်ခြင်းဖြစ်ပေသည်။ ထို့အပြင် အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များ အပေါ် ဖာဖာထေးထေး ပြောဆိုနေသည် apologist များ၏ အောက်စီဂျင် သည် အဓိက မကျဟု ဆိုသော စကားများသည် မမှန်ကြောင်း မီးမောင်းထိုး ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပေသည်။

ယူနန်ပြည်နယ် အာဏာပိုင်များသည် ကချင် လွတ်မြောက်ရေး တပ်တော် ကေအိုင်အေ မှ အကူအညီ တောင်း လာသဖြင့် ကိုဗစ် ကာကွယ်ဆေးရည် ၁၀,၀၀၀ ပေးပို့လိုက်သည်ဟု လည်း သိရသည်။

စစ်ကောင်စီမှ တရုတ် ကာကွယ်ဆေး လေးသန်း ဝယ်ယူပြီး ဖြစ်ပြီး နှစ်သန်းကို အလှူခံ၍ ရထားပြီး ဖြစ်သည်ဟု ပြီးခဲ့သည့် အပတ်က ကြေညာထားခဲ့သည်။ ယခုအခါ ပထမအသုတ်အဖြစ် ၇၃၆,၀၀၀ ‌ရောက်ရှိလာခဲ့သည်။

၎င်းတို့ အာဏာသိမ်းခဲ့သည်မှာ ၆ လ ခန့် ရှိနေပြီ ဖြစ်၍ မနိုင်အင်ကာ ဖြစ်လာသည့် ယခုအချိန်မှသာ ဆေးများ တင်သွင်းရကောင်းမှန်း နားလည်လာကြသူများ ဖြစ်သည်ဟု ဆိုရမည်။

သို့သော် အမြဲလို တလွဲတချော် စီမံခန့်ခွဲတတ်ကြသူများ ဖြစ်သောကြောင့် ၎င်းတို့ အကြောင်းကို နောကြေအောင် သိနေပြီး ဖြစ်သည့် လူထုကြီးကမူ မည်သူကို ဦးစားပေး၍ မည်သို့ မည်ပုံ ထိုးပေးမည် ဆိုသည် အပေါ် မျှော်လင့် ချက် ထားခြင်းမျိုး မရှိကြတော့ပေ။

မင်းအောင်လှိုင်သည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထက် သာအောင် လုပ်ပြမည်ဟု အားခဲထား သော်လည်း စေတနာ အရင်းခံကမရှိ၊ နဂိုကမှ အရည်အသွေး ညံ့ဖျင်းသူ ဖြစ်ရကား ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ်ကြံ ဆိုသလို ဖြစ်နေရှာသည်။

လက်ရှိ အကျပ်အတည်းကြီးကိုလည်း ဆရာဝန်၊ သူနာပြုများက CDM လုပ်နေသောကြောင့် ဟု အကြောင်းပြ လိုသည့် အတွက် လုပ်ငန်းခွင် ပြန်ဝင်ရန် မေတ္တာရပ်ခံသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ဆေးဝန်ထမ်းများ အပေါ်ဆက်လက်၍ ဖမ်းဆီးနေဆဲ ဆိုသည့် သတင်းများက ၎င်း၏ စိတ်ရင်းကို ဖေါ်ပြနေခြင်းသာ ဖြစ်သည်။

သို့မဟုတ်က ခေါင်းဆောင်ကြီး ကိုယ်တိုင် မေတ္တာရပ်ခံနေသည်ကို အဘယ်မည်သော လက်ပါးစေများက လက် ဖျားနှင့် တို့ဝံ့ကြပေမည်နည်း။

လက်ရှိပွဲသည် မင်းအောင်လှိုင်အဖို့ ခြေထောက် ရိုက်ချိုးခံထားရ သူပမာ မြေပြင်တွင် ဒရွတ်တိုက် သွားနေရင်း လမ်းထလျှောက်ဖို့ ကြိုးစားရာ အကြိမ်ကြိမ် လဲပြိုနေသူပမာ ဖြစ်လာနေသည်နှင့် အမျှ တိုင်းပြည်သည်လည်း နာသည်ထက် နာလာနေပြီ ဖြစ်သည်။
အရေးတော်ပုံ အောင်ရမည်

Hla Soewai

credit;