၁၉၁၈ ပထမ ကမ္ဘာစစ်ကြီး ပြီးမယ့်နှစ်က မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါ ကပ်ကြီး ဆိုက်ခဲ့ပါတယ်။ ရန်ကုန်နဲ့ နိုင်ငံတလွှားမှာ ချထားတဲ့ စစ်တပ်တွေ ကနေ ရောဂါကူးစက်သွားတာ ဆိုသလို အိန္ဒိယက ရွှေ့ပြောင်းလာသူတွေဆီကနေ ကူးစက်တယ်လို့လည်း ရေးသားကြပါတယ်။ ၁၉၁၈ ဇွန်လက ဘုံဘေမြို့မှာ စတွေ့ရတဲ့ ဒီရောဂါဗိုင်းရပ်စ်ပိုးဟာ ၃ လ အတွင်း မြန်မာပြည်အနှံ့ ရောက်ရှိသွားတဲ့အထိ ကူးစက်မှုက မြန်ပါတယ်။
ဒီတုပ်ကွေးကပ်ကြီးဟာ အဲဒီအချိန်မှာ ကမ္ဘာအနှံ့ ဖြစ်နေတဲ့ စပိန်တုပ်ကွေးလို့ ခေါ်တဲ့ တုပ်ကွေးကြီးနဲ့ ဆက်စပ်ပါတယ်။ ကမ္ဘာ့တိုက်ကြီး ၄ တိုက်ထိ ကူးစက်ခဲ့တဲ့ ဒီတုပ်ကွေးကြောင့် မြန်မာနိုင်ငံမှာလည်း သေဆုံးသူ ၃ သိန်းကနေ ၄ သိန်းလောက်ထိ ရှိခဲ့တယ်လို့ ကိုလိုနီခေတ် မြန်မာပြည်ရဲ့ ရောဂါဗေဒ သမိုင်း စာအုပ်ပြုစုသူ ဂျူးဒစ်သ် ရစ်ချဲက ရေးသားပါတယ်။
ဒါဟာ အဲဒီတုန်းက ၁၃ သန်းသာ ရှိတဲ့ မြန်မာပြည် လူဦးရေရဲ့ ၃ ရာခိုင်နှုန်း သေဆုံး တိမ်းပါး ခဲ့တာပါ။ မြန်မာပြည် ပါဝင်တဲ့ အိန္ဒိယ အင်ပါယာ တခုလုံး အနေနဲ့ သေသူ ၁၂ သန်းခွဲလောက်ထိ ရှိတယ်လို့ သိရပါတယ်။
ဘာလို့ အဲဒီလောက် အသေအပျောက် များခဲ့သလဲ ဆိုတော့ ရောဂါ ဗိုင်းရပ်စ် ပိုးအမျိုးသစ် ဖြစ်ပြီး ရောဂါလက္ခဏာ ပြင်းထန်တဲ့အတွက် ကူးစက်ခံရသူတွေ အားအင်ဆုတ်ယုတ်ပြီး နောက်ဆက်တွဲ ရောဂါတွေ ဝင်လာတာကြောင့်ပါ။ နောက် အဲဒီအချိန်က အုပ်ချုပ်သူ ကိုလိုနီ အစိုးရ အနေနဲ့ ရောဂါကာကွယ် နှိမ်နင်းရေးအတွက် ထိရောက်တဲ့ စီမံမှုတွေ မရှိခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။
ဒါကလည်း စစ်အတွင်း ကာလဖြစ်လို့ ဆရာဝန်နဲ့ ဆေးဝန်ထမ်း အလုံအလောက် မရှိတာလည်း ပါပါတယ်။ နောက် အစိုးရဟာ သူတို့ မျက်နှာဖြူ အမျိုးသားတွေ ပါတဲ့ စစ်တပ်တွေကိုပဲ ဦးစားပေးပြီး ကာကွယ် စောင့်ရှောက်မှုတွေ လုပ်တယ်၊ တိုင်းရင်းသား တပ်တွေနဲ့ တခြားလူမျိုးစုတပ်တွေကို ဒီလောက် မကာကွယ်ခဲ့ဘူးလို့ အဲဒီအချိန်က ထုတ်ဝေတဲ့ အစီရင်ခံစာတွေမှာ ဝေဖန်ထားပါတယ်။
မဟာမုနိ ဘုရားကြီးပွဲကအပြန် ကူးစက်မှုတွေရှိ
ရောဂါကူးစက်မှုကြောင့် သေဆုံးရတဲ့အထဲ ဆင်းရဲပြီး နေရာထိုင်ခင်းပြည့်ကျပ်နေတဲ့ မြို့ပြနေ ဆင်းရဲသားတွေ ပိုထိခိုက် သေဆုံးပြီး ငွေကြေးချမ်းသာပြီး အိမ်ကောင်းကောင်းနဲ့ နေနိုင်သူ၊ ပြီးတော့ အနောက်တိုင်း ဆေးပညာကို လက်လှမ်းမီ အားကိုးတတ်တဲ့ ချမ်းသာသူတွေ ကတော့ အသေအပျောက် ရာနှုန်းပိုနည်းတယ်လို့ ဆိုပါတယ်။ နောက်ပြီး နေမကောင်းသူတွေကို ပြုစုရတဲ့ အမျိုးသမီး တွေမှာလည်း သူတို့နဲ့အသက်တူတဲ့ အမျိုးသားတွေထက် သေနှုန်းပိုမြင့်ပါတယ်။
လူမျိုးအရ ဆိုရင်တော့ ပြည်ပက ဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ များတဲ့ အိန္ဒိယ နွယ်ဖွား ဟိန္ဒူ ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေထက် နှစ်ဆ ပိုသေဆုံးခဲ့ပါတယ်။ ရန်ကုန်ကို ဝင်လာတဲ့ လူစီးသင်္ဘောတွေကို သေချာမထိန်းချုပ် နိုင်ခဲ့တော့ သင်္ဘောပေါ်မှာတင် သေဆုံးသူတွေ တော်တော်များပါတယ်။
နောက်ပိုင်း ဒီလို ကူးစက်ရောဂါဖြစ်ခဲ့ရင် ရန်ကုန်မြစ်ဝမှာ သီးခြားခွဲထားတဲ့ စခန်းဖွင့်ပြီး ရောဂါသည်တွေကို ကုသဖို့ စဉ်းစားခဲ့ကြပေမယ့် ရောဂါဖြစ်တဲ့နှစ်တွေအတွင်းမှာတော့ တုပ်ကွေးနဲ့ ဝင်လာသူတွေကို သေချာ ကုသမပေးနိုင်ဘဲ ချက်ချင်းအဖျားသက်သာတာနဲ့ နောက်လူနာအတွက် ဆင်းခိုင်းတာတွေ ရှိခဲ့တော့ ရောဂါကူးစက်မှုက ထိန်းလို့ မရဖြစ်ခဲ့ပါတယ်။
နောက်ရာသီအလိုက် ကျင်းပတဲ့ ပွဲတော်တွေကို မတားမြစ်ခဲ့တဲ့အတွက် ပွဲတော်တွေက ကူးစက်တာတွေ လည်း ရှိခဲ့ပါတယ်။ မန္တလေး မှာ နှစ်စဉ်ကျင်းပတဲ့ မဟာမုနိ ဘုရားကြီးပွဲကအပြန် ကူးစက်မှုတွေကြောင့် ရောဂါဟာ ရှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းတွေနဲ့ အညာဒေသတွေမှာ ရောက်ရှိသွားပါတယ်။
ဓာတ်ပုံ ပုံစာ,
ရန်ကုန်ဆေးရုံကြီးက ဝန်ထမ်းတဝက်လောက် ရောဂါကူးစက်ခံရ
ရောဂါသည်တွေကို ကုသဖို့ ဆေးဝါးမလုံလောက်တဲ့အပြင် တချို့အချိန်တွေမှာ ရန်ကုန်ဆေးရုံကြီးက ဝန်ထမ်း တဝက်လောက် ရောဂါကူးစက်ခံရလို့ ဆေးကုသမှု နှောင့်နှေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က ရောဂါကာကွယ် ကုသဖို့ အစွမ်းထက်တဲ့ဆေးတွေ ကောင်းကောင်း မပေါ်သေးတဲ့အပြင် မြန်မာပြည်သား တွေကလည်း အနောက်တိုင်း ဆေးအပေါ် ယုံကြည်မှု သိပ်မများသေးပါဘူး။
ရောဂါတိုက်ဖျက်ရေးမှာလည်း တိကျတဲ့ ဗဟို စီမံချက်ရယ် လို့ မရှိတဲ့အပြင် ရန်ကုန်အပြင်ဘက်က မြို့တွေက ဆေးရုံ တွေမှာ လူနာတွေပုံပြီး ကုသမှုက ဖရိုဖရဲဖြစ်ခဲ့ပါတယ်။ နောက် ရောဂါသတိပေးတဲ့ ကြေညာချက်တွေကလည်း ရောဂါကူးစက်ချိန်ကျမှ ထုတ်သလိုဖြစ်ခဲ့ပြီး ပွဲလမ်းသဘင်တွေ လူစုဝေးတာတွေကို ပိတ်ပင်တာတွေတော့ လုပ်လာခဲ့ပါတယ်။
၁၉၁၈ က စခဲ့တဲ့ ဒီတုပ်ကွေးကြီးကြောင့် သေဆုံးထိခိုက်မှုတွေ မြန်မာနိုင်ငံမှာ ၃ နှစ်လောက်ခံစားခဲ့ရပြီး ရွာလုံးကျွတ် ထိခိုက်ဖိတ်စင်မှုတွေကြောင့် လယ်ယာစိုက်ပျိုးရေးတွေ ပျက်စီးထိခိုက်ခဲ့ရပါတယ်။ တုပ်ကွေးကို ကမ္ဘာနာ ရောဂါဆိုးကြီး တခုလို သဘောမျိုး ရေးတဲ့ တိုင်းရင်းဆေး ကုထုံးတွေ ပေါ်လာသလို အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုတာလို ယုံကြည်မှုနဲ့ ကုသတာတွေ ရှိခဲ့ပါတယ်။
အဲဒီခေတ်က ပေါ်တဲ့ အငြိမ့်သဘင် သီချင်းတွေမှာ လည်း ဘယာတုပ်ကွေး က ဝေးလို့ကင်းကွာ၊ သက်ရှည်ကျန်းမာပြီ ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ သီချင်းစပ်ဆိုတာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ ဝေးလံတဲ့ တချို့အရပ်တွေက သင်္ချိုင်း တချို့မှာ တုပ်ကွေးကြီးဖြင့် ကွယ်လွန်သည် ဆိုတဲ့ စာသားပါ အုတ်ဂူတွေ ကိုလည်း ခုထိ တွေ့နိုင်ပါတယ်။ လူတွေက မေ့ပျောက်နေကြပေမယ့် မြန်မာနိုင်ငံမှာ တချိန်က တုပ်ကွေးကို ကြောက်ရွံ့ခဲ့ရတဲ့ ကာလတခု ရှိခဲ့ဖူးတယ်ဆိုတာကို မှတ်တမ်းတွေက ပြနေပါတယ်။
ပထမကမ္ဘာစစ်တုန်းက တုပ်ကွေးကြီး
credit; Original Uploard