ၾကားသိသမွ်

တကိုယ်တော် ပြည်ဖျက်သမား ဖန်တီးတဲ့ မြန်မာ့ ဘေးဒုက္ခ

တကိုယ်တော် ပြည်ဖျက်သမား ဖန်တီးတဲ့ မြန်မာ့ ဘေးဒုက္ခ

တကိုယ်တော် ပြည်ဖျက်သမား ဖန်တီးတဲ့ မြန်မာ့ ဘေးဒုက္ခ

နေ့စဉ်ကိုဗစ်ကူးစက်နှုန်းနဲ့ သေနှုန်းတွေကို ဇယားနှစ်ခုမှာ ကြည့်နိုင်ပါတယ်။ ဒီဇယား နှစ်ခုဟာ လက်ရှိမြန်မာပြည်အခြေအနေကို ရှင်းရှင်းလင်းလင်းဖေါ်ပြနေပါတယ်။

“ကျုပ်တို့အသက်ရှူမရ ဖြစ်နေပြီ” လို့ မြန် မာပြည် နေရာအနှံ့က အော်သံတွေထွက်ပေါ်လာနေတဲ့ လက်ရှိဘေးဒုက္ခဟာ လူဖန်တီးတဲ့ ဘေးဒုက္ခသက်သက်မဟုတ်ပါဘူး။

လူတယောက်ထဲက ဖန်တီးတဲ့ ဘေးဒုက္ခပါ။

ဒီဘေးဒုက္ခကို ဖန်တီးသူက မင်းအောင်လှိုင်ပါ။ သူရဲ့မအောင်မြင်သော်လည်း အပျက်အဆီးကြီးလှတဲ့ အာဏာချုပ်ကိုင်ဖို့ ကြိုးစားမှု ဆက်ဖြစ်နေသမျှ ဒီဘေးဒုက္ခကိုဖြေရှင်းလို့ ရမှာ မဟုတ်ပါဘူး။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင်၊ ရွေးကောက်ခံအနေနဲ့ လူထုရဲ့ ယုံကြည်မှုကို သိသိသာသာရထားတဲ့ အများကြိုက် အစိုးရဆီကအာဏာကိုသာ မလုခဲ့ရင် လက်ရှိအခြေအနေမျိုး ကြုံစရာမရှိပါဘူး။ ဘယ်အစိုးရပဲတက်တက် တခြားနိုင်ငံတွေမှာလိုပဲ ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုတွေ ရောက်လာမှာပါပဲဆိုတာမှန်ပါတယ်။

ဒါပေမဲ့ လူထုရဲ့ယုံကြည်မှုရထားတဲ့ အစိုးရ အနေနဲ့ လူထုအပေါ်ရှိတဲ့ တာဝန်ယူ တာဝန်ခံမှုအရ အလျင်အမြန်လှုပ်ရှားပါလိမ့်မယ်။ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ရွေးကောက်ခံ အစိုးရ လုပ်ခဲ့တာတွေကိုကြည့်ပါ။

ဆေးရုံတွေ အစိုးရယန္တယားတွေဟာ လည်ပတ်နေမှာဖြစ်ရုံသာမက ငါတို့တာဝန်ဆိုတဲ့ ပညာရှင်စိတ်ဓါတ်နဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ထက်ထက်သန်သန် အားထုတ်ကြိုးပမ်းကြမှာပါ။

ပြည်သူထဲက တက်ကြွလှုပ်ရှားတဲ့ လုပ်အား ပေးအင်အားစုကြီးကလည်း ကျန်းမာရေးစနစ်ကို ဝိုင်းကူဖို့၊ ကျန်းမာရေး ရော စီးပွါးရေးပါ အခက်ကြုံနေတဲ့ မိသားစုတွေကို ကူညီဖို့ လုပ်ကြမှာပါ။

အသေးစားနဲ့ အကြီးစား စီးပွါးရေးလုပ်ငန်းတွေကလည်း အလှူဒါန နဲ့ တခြားအထောက်အပံ့တွေလုပ်ဖို့ တွန်းတွန်းတိုက်တိုက်လုပ်ကြပါလိမ့်မယ်။
အခုလက်ရှိမှာ အဲဒီလို အခြေအနေတွေဘာမှ ဖြစ်မနေပါဘူး။

မြန်မာပြည်သူတွေ အတုံးအရုံးသေဆုံးနေရတာဟာ ဗိုင်းရပ် ပြန့်နှံ့တဲ့ အကြောင်းတခုထဲကြောင့်မဟုတ်ပါဘူး။ စီမံအုပ်ချုပ်မှုစွမ်းရည် ကင်းမဲ့တဲ့ နိုင်ငံဖြစ်နေတာကြောင့်ပါ။ အာဏာပိုင်နဲ့ ပြည်သူကြားမှာ ယုံကြည်မှု အသေးလေးက အစ ပြိုကွဲသွားတာကြောင့် စီမံအုပ်ချုပ်မှုစွမ်းရည် ကင်းမဲ့သွားတာပါ။

စစ်တပ်ဟာ ပြည်သူ့ဘဝကို နည်းနည်းမှ စိုးရိမ်သောက မရှိဘူးဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားပြီးသားပါ။ အခုကအဲဒီပြဿနာ တခုထဲမဟုတ်ပါ။ လက်ရှိကိုဗစ်ဘေးဟာ အရပ်သားတွေကိုအကြီးအကျယ်ထိသော် လည်း စစ်တပ်လည်း မလွတ်ပါဘူး။

စစ်ဝတ်စုံ၊ စစ်တပ်ရဲ့ ချွတ်ချွတ်ချော်ချော် အတွေးအခေါ် နဲ့ ဝါဒဖြန့်မုသားတွေဟာ စစ်သား၊စစ်အရာရှိနဲ့ သူတို့ရဲ့မိသားစုတွေကို သေမင်းတမန် ဗိုင်းရပ်စ် ရန်ကနေလွတ်အောင်လုပ်မပေးနိုင်ပါဘူး။

မြန်မာပြည်ရဲ့ လက်ရှိအကြပ်အတည်းမှာ စစ်ကောင်စီက ကိုဗစ်ထိန်းချုပ်ဖို့ ဆန္ဒနည်းနည်းပါးပါး ရှိစေအုံးတော့အာဏာသိမ်းပွဲကြောင့် တိုင်းပြည်ရုပ်ပျက်သွားတာ၊ လူထုက မယုံကြည်တာ၊ စကစနဲ့ မပတ်သက်ချင်တာတွေကြောင့် မင်းအောင်လှိုင်နဲ့ သူ့လူစုမှာ ရှိတဲ့ လုပ်နိုင်စွမ်းက သုညပါ။

မအလ အာဏာဖက်တွယ်ထားသမျှ တိုင်းပြည်ဟာ ကပ်ရောဂါချောက်ထဲ ဆက်ကျနေမယ်။ စီးပွါးရေး ဘုန်းဘုန်းလဲမယ်။ တနိုင်ငံလုံးမှာ ပဠိပက္ခတွေ အရှိန်မြင့်လာမယ်။ နိုင်ငံပြိုကွဲပြီး ပရမ်းပတာ အခြေအနေထဲ လုံးလုံးရောက်သွားပါမယ်။

အချိန်ကာလ တခုမှာတော့ အသည်းအသန်ဖြစ်နေတဲ့ ပြည်သူတွေနေရပ်စွန့်ကြမှာပါ။ အဲဒါကိုမြင်ရလို့ အံ့အားသင့်စရာမရှိပါဘူး။ ဗီလိုဆီဗစ်ရဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ကိုဆိုဗိုက အယ်ဘေးနီးယားတွေအလုံးအရင်းနဲ့ ထွက်ပြေးတာတွေ့ ခဲ့ရပြီးပြီ။

ဆီးရီးယားက အာဆတ်ဟာ ရုရှားက ပူတင်ရဲ့ အကူအညီနဲ့ ပြည်သူ့ဆန်ကျင်မှုကို နှိမ်နင်းတဲ့ အခါမှာလည်း ပြည်သူအလုံးအရင်း ထွက်ပြေးခဲ့ရတာကို မြင်ခဲ့ကြရပြီးပါပြီ။

လက်ရှိမြန်မာ့အကြပ်အတည်းဟာ စုံလင်ရှုပ်ထွေးလှတာကြောင့် အချိန်တို အတွင်းမှာ တခါထဲ ဖြေရှင်းလို့တော့ မပြီးပါဘူး။ သို့သော်လည်း လက်ရှိ အရေးပေါ် အခြေအနေမှာ ချက်ချင်းလုပ်ဖို့ လိုအပ်နေတာရှိပါတယ်။

နတ်ပေးတဲ့ဆေးလို ခုချက်ချင်းလုပ်ရင် ခုချက်ချင်းပဲ ပြည်ပျက်မဲ့ အခြေအနေဆိုးကနေ လွတ်မြောက်ရာအနေအထားကို ရောက်စေနိုင်တာ ရှိပါတယ်။ အဲဒါကတော့ မင်းအောင်လှိုင် တယောက်ကိုဖယ်ရှားဖို့ပါ။ မအလ ကိုမဖယ်ရှားသရွေ့ တိုင်းပြည်ပြိုကွဲကျဆင်းနေတဲ့ လက်ရှိအနေအထားကို ရပ်တန့်လို့ မရနိုင်ပါဘူး။

မအလ နဲ့ စစ်ကောင်စီ လူတစုကိုဖယ်ရှားလိုက်ရင်အကူးအပြောင်းကာလအဖွဲ့အစည်းတရပ် ဖွဲ့နိုင်တဲ့ အခွင့်အရေးပေါ်လာပါမယ်။ NUG၊NUCC နဲ့ လူမျိုးစုအဖွဲ့တွေ၊ စစ်အာဏာရှင်အုပ်စုမဟုတ်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေပါနိုင်ပါတယ်။ ကြားကာလ အဖွဲ့ဟာ ရေတိုတာဝန်ယူပြီး အခြေခံကျတဲ့ ဟောဒီ အရေးပေါ်ကိစ္စတွေကို လုပ်ပေးရပါမယ်။

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးတာ၊ အကြမ်းဖက်မှုအားလုံး အဆုံးသတ်တာ၊ CDM ဝန်ထမ်းတွေကို အာမခံချက် အပြည့်နဲ့ တာဝန်ပြန်ပေးတာ၊ လဲပြိုနေတဲ့ အဖွဲ့အစည်းတွေ ပြန်ဖွင့်ပေးတာ၊ ဘဏ်စနစ်ပြန်အသက်သွင်းတာ၊

ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ အားလုံးက စုစည်းကြိုးပမ်းကြတာ၊ လူသားဆန်မှု အကူအညီနဲ့၊ ပြည်သူချင်းယိုင်းပင်းတဲ့ အစီအစဉ်တွေ ပြန်ဖွင့်ပေးတာ၊ ဖြစ်နိုင်သမျှ စီးပွါးရေးလုပ်ငန်းတွေ ပြန်စဖို့ လုပ်တာတွေ ပါရပါမယ်။

လွတ်လပ်တဲ့ အဖွဲ့အစည်းက ကြီးကြပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက အဖွဲ့တွေ စောင့်ကြည့်မဲ့ ရှင်းလင်းတဲ့ရွေးကောက်ပွဲ အချိန်စာရင်းထုတ်ပြန်ရပါမယ်။ ရွေးကောက်ပွဲရလာဒ်ကို အလေးထားပါမယ်လို့ သက်ဆိုင်သူအားလုံးက ကတိပြုရပါမယ်။

မအလ နဲ့ သူ့လူတစုကို ဖယ်ရှားဖို့က အခြေအနေ ၃ ခုလိုအပ်ပါတယ်။

ပထမတခုက ဧရာဝတီ မီဒီယာမှာ ဘာတေးလစ်တနာ ရေးခဲ့တာနဲ့ ဆိုင်ပါတယ်။ “NLD ကို ပိတ်ပင်မှုဖြင့် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြီးသွားလိမ့်မည်မဟုတ်” ဆိုတဲ့ ဆောင်းပါးထဲမှာပါ။ “ စစ်အာဏာရှင် ဆန့်ကျင်ရေး ဖယ်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှုဘက်တွင် ငယ်ရွယ် ပျိုမြစ်၍ တီထွင်ဖန်တီးမှု ရှိသည့် နိုင်ငံရေးနှင့် ပြည်သူ့ရေးရာခေါင်းဆောင်များ အသစ်ပေါ်ထွန်းလာသည်။

သူတို့သည် နိုင်ငံရေး အပြောင်းအလဲ အတွက် အင်အား၊ ခံနိုင်ရည် နှင့် ဇွဲသန်မှုကို ထူးထူးကဲကဲ ပြနေကြသည်။ စစ်တပ်ဘက်တွင်လည်း ခေါင်းဆောင်ပိုင်းမှ ကမ္ဘာဦးဒိုင်နိုဆောကြီးများကို

ဆန့်ကျင်သော လူငယ်စစ်အရာရှိ မျိုးဆက်တခု ပေါ်ထွက်ဖို့လိုနေသည်။” တိုင်းပြည်ကို အလုံးစုံသော ဘေးဒုက္ခမှ ကယ်တင်ရန်အတွက် အတော်ကို လိုအပ်နေသည်မှာ “ မြန်မာပြည်သည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ။

လမ်းပေါ်မှ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်သတ်နိုင်ခြင်းသည် တိုင်းပြည်အုပ်ချုပ်နိုင်ခြင်းမဟုတ်ဟူသည်ကိုသဘောပေါက်သည့် အရာရှိအုပ်စု ထွက်ပေါ်လာရေးဖြစ်သည်။ “

“ဝမ်းနည်းစရာ ကောင်းစွာ ထိုသို့ ထွက်ပေါ်လာမည့် အရိပ်အရောင်ကို မတွေ့သေးပါ” ဟု ဘာတေးလစ်တနာရေးထားတာမှန်ပါတယ်။ ဒါပေမဲ့ မဖြစ်သေးတာက မဖြစ်နိုင်တာတော့မဟုတ်ပါ။ လက်ရှိကိုဗစ်ကပ်ဘေးရဲ့ပြင်းထန် ကျယ်ပြန့်မှုကို မမြင်တွေ့ ခဲ့ကြရသေးပါ။

ရပ်ဝေးနယ်စပ်က တပ်ဖွဲ့တွေ တပြိုင်တည်း ဘက်ပြောင်းပြီးလူမျိုးစု လက်နက်ကိုင်များနဲ့ ပူးပေါင်းနိုင်ပါတယ်။ ဘက်ပြောင်းတဲ့ အစုအဖွဲ့အင်အားစုများဟာ မအလ သစ္စာခံတပ်များ လက်လွတ်စပယ် ဖိနှိပ်မှုတွေ ဆက်မလုပ်ရဲအောင် ခြိမ်းခြောက်နိုင်တဲ့အခါ၊ တံတိုင်းက အုတ်ချပ်အချို့ကိုဆွဲထုတ်လိုက်သလို အားလုံးပြိုဆင်းလာနိုင်တဲ့ အခြေအနေရှိပါတယ်။

မအလ နှင့် သူ့လူစုဟာ တပ်ထဲမှာ ထောက်ခံမှု သိပ်ရကြတာ မဟုတ်ဘူးလို့ စစ်တပ်ကနေ ဘက်ပြောင်းခိုလှုံလာသူတွေ ပြောကြတာကို ယုံကြည်ပါတယ်။ ပြည်သူသာမက စစ်နှင့်ရဲ မိသားစုတွေ ကိုဗစ်ကပ်ဘေး မထိခင်ထဲက မအလကို မကြိုက်တဲ့ စိတ်က တပ်ထဲမှာ ရှိနေပြီးသားဖြစ်ပါတယ်။

လောလောဆယ် ပြဿနာက အရင်ဆုံး ထွက်သွားမဲ့အုတ်တချပ် ဖြစ်ဖို့ တွန့်ဆုတ်နေတဲ့ ကိစ္စဖြစ်ပါသည်။ဒုတိယ အချက်က လူမျိုးစု လက်နက်ကိုင် EAO များနဲ့ ပတ်သက်ပါတယ်။ EAO များဟာ သူတို့ရဲ့ ရေတိုအကျိုးအတွက် အဆုံးမှာ ဘယ်သူနိုင်မလဲ ထိုင်ကြည့်မယ်ဆိုတဲ့ ဗျူဟာနဲ့ စစ်အုပ်စုကို အင်နဲ့အားနဲ့ ဆန့်ကျင်တာ မရှိသေးပါဘူး။

EAO တွေကသာ ဗျူဟာကျကျ၊ ပီပီပြင်ပြင်လှုပ်ရှားကြရင်၊ ကချင် ကရင်၊ အာရခန်၊ ရှမ်း၊ တအာန်း၊မွန်အဖွဲ့တွေက ဝရဲ့ အကူအညီ ပါပါ မပါပါ တပြိုင်ထဲ လှုပ်ရှားကြရင်၊ ထိန်းချုပ်နယ်မြေ သိသိသာသာ ဆုံးရှုံးသွားတဲ့ စစ်တပ်ဟာ အရှုံးသမားမင်းအောင်လှိုင်ကို အမြန်ဖယ်ရှားပြီး အပစ်ရပ် ညှိနှိုင်းရေး စကားပြောလာပါလိမ့်မယ်။

တတိယအချက်နဲ့ နောက်ဆုံး အချက်က အိမ်နီးချင်းတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက မအလ နဲ့ သူ့ရဲ့ စစ်အုပ်စုကို အဖြေရရေး ရဲ့ အစိတ်အပိုင်းတခုလို့ သတ်မှတ်နေသမျှ မအလကို ဖယ်ရှားဖို့ ခက်နေပါလိမ့်မယ်။

မအလဟာ ကြုံနေရတဲ့ ပြဿနာအားလုံးရဲ့ အကြောင်းတရားပါ။ အဖြေရဖို့ ကိစ္စမှာ သူပါမှ ရမယ်လို့ တွေးနေသမျှပြဿနာပြေလည်ရေးဟာ ပုလင်းလည်ပင်း အဝကျင်းသလို ထာဝရ ဖြေရှင်းမရ ဖြစ်နေပါလိမ့်မယ်။

ခုပြောခဲ့တဲ့ အခြေအနေ ၃ ခုဟာ မဖြစ်နိုင်ပုံ ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီလောက် ရှုပ်ထွေး၊ ဒီလောက် အပျက်အစီးကြီးမားတဲ့ အကြပ်အတည်းမှာ မဖြစ်နိုင်လို့ထင်ရတဲ့၊ အကန့်အသတ် မထားတဲ့ အဖြေတွေကိုပဲ မြင်ကြည့်၊ ပြောကြည့်၊ တွန်းကြည့်၊ စွန့်စားကြည့်ကြရမှာဖြစ်ပါတယ်။

Credit ; Original Uploader