ၾကားသိသမွ်

ကိုယ့်အသက် ကိုယ်မွေးရဖို့ ဖြစ်လာပြီ

ရန်ကုန် ရှိ အဓိက ကျသော သုဿန် ကြီး လေးခု တွင်တော့ ကြာသပတေးနေ့ တရက်တည်း အလောင်း ၇၀၀ ကျော်ကို မီးသင်္ဂြိုလ်ပေးခဲ့ရသည့်အတွက် မကြုံစဖူးအောင် သမိုင်းတွင်သွားခဲ့ရပြီ ဖြစ်သည်။ ရန်ကုန် တမြို့တည်းတွင် နေ့စဉ်လို လူ ၁,၀၀၀ နီးပါး သေဆုံးနေရသည့် အတွက် မနိုင်မနင်း ဖြစ်နေရသည်ဟု ဆိုသည်။


Getty Images
လူနာတင်ယာဉ်များ အဖို့က သေဆုံးသူများကိုသာ သုဿန် သို့ သယ်ဆောင် ပေးနိုင်တော့သည့် အခြေအနေ ဖြစ်လာသည်။ လူ့လောကတွင် ရှိစဉ်က ရာထူး၊ ဥစ္စာ အရှိန်အဝါ နှင့် မည်မျှပင် မော်ကြွားနိုင်ခဲ့စေကာမူ ယခုအခါ သုဿန် ရှိ ကြမ်းပြင်ပေါ်တွင် အများသူငါလို လဲလှောင်းနေရပြီ ဖြစ်သည်။ ဝမ်းနည်း ပူဆွေးဖို့ အချိန်မရ၊ သင်္ဂြိုလ်ခွင့် ပါမစ်ရဖို့လည်း တန်းစီကြရပြန်သည်။

စစ်အာဏာပိုင်များ ထုတ်ပြန်သော စာရင်းဇယားများအရ ၂၄ နာရီ အတွင်း ကူးစက်ခံရသူ ၆,၁၉၄ ဦး ရှိနေသည်ဟု ဆိုသော်လည်း လေ့လာသူများက ဒီထက်မက များပြားနိုင်သည်ဟု တွက်ဆခဲ့ကြသည်။

ပြည်သူများ အဖို့က ၎င်းတို့၏ ဒီမိုကရေစီ ရပိုင်ခွင့်များ ဆုံးရှုံးသွားခဲ့ရပြီး နောက် တွင် ယခုအခါ အောက်စီဂျင်များ ရရှိနိုင်မည့် အခွင့်အလန်းများလည်း ကုန်ခန်းလာနေပြီ ဖြစ်သည်။

ဆေးရုံတွင် နေရာတနေရာစာ ရနိုင်ဖို့က လွန်စွာ ခက်ခဲလာနေသဖြင့် အောက်စီဂျင် ရရာ ရကြောင်း ဆိုရှယ်မီဒီယာများ ပေါ်မှ အကူအညီ တောင်းနေမှုများကလည်း ဒင်းကြမ်း ပြည့်နှက်လာသည်။


Getty Images
နိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှု သည် အာဏာသိမ်းခဲ့ခြင်း နှင့် အတူ ပြိုလဲလုမတတ် ဖြစ်လာနေသည်။ ထိုဖြစ်ရပ်များ၏ လက်သည်တရားခံသည် မင်းအောင်လှိုင် သာ ဖြစ်သည်ဟု အားလုံးက လက်ညိုးထိုးလာကြသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အား အာဏာလွှဲပြောင်းယူမည့် အစိုးရ အဖြစ် အသိအမှတ်ပြုရန် ပြည်ပတွင် ပြောဆို ဆက်ဆံလာကြသည်နှင့် အမျှ စစ်တပ်သည် ကိုဗစ် ကို အသုံးချကာ ၎င်းတို့ အလွန်အမင်း လိုအပ်နေသော အပြည်ပြည်ဆိုင်ရာ၏ အသိအမှတ် ပြုမှု ရရှိရန် နိုင်ငံရေး လက်နက် အဖြစ် အသုံးချနေပြီဟုလည်း ရိပ်စားမိလာကြသည်။

နိုင်ငံတွင်း ရှိ ဆရာဝန်များက စစ်အာဏာသိမ်း အဖွဲ့သည် ပြည်သူများ အရေးတကြီး လိုအပ်နေသည့် အောက်စီဂျင် အိုးများအား ၎င်းတို့ အတွက် သိမ်းဆည်း သိုလှောင်ထားကြပြီး ဆေးဝန်ထမ်းများ အားလည်း ခြိမ်းခြောက် အနိုင်ကျင့်လျက် ရှိနေသည်ဟု စွပ်စွဲလာသည်များကို ဩစတေးလျှ ရှိ ABC သတင်းဌာနမှ အကျယ်တဝင့် ဖေါ်ပြ ရေးသားလာသည်။

မြန်မာအရေး ထောက်ခံသူများကလည်း ကိုဗစ် အား “ဇီဝဓါတု လက်နက်” အဖြစ် အသုံးချကာ ၎င်းတို့အား ဆန့်ကျင်သူများကို ချေမှုန်းရန် အသုံးပြုလျက် ရှိသည်ဟုလည်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။


Getty Images
၎င်း စစ်ဗိုလ်ချုပ်များသည် လူသတ်သမားများသာ ဖြစ်၍ ၎င်းတို့ ကျုးလွန်သော ပြစ်မှုများ အတွက် ထိုက်တန်သည့် အပြစ်ဒဏ်များ ခံယူကြရမည့် လူများ သာ ဖြစ်သည်ဟု မြန်မာအရေး နိုင်ငံတကာ အကြံပေး ကောင်စီ တွင် ပါဝင်နေသည့် ယန်ဟီလီး က ပြောလာသည်။

ဩစတေးလျှ အစိုးရက မြန်မာ ပြည် သွားနေသည့် လမ်းကြောင်း အပေါ် အထူး စိုးရိမ်မကင်း ဖြစ်လာနေသည်ဟု လည်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ယခုအချိန်အထိ ဩစတေးလျှ သည် မြန်မာပြည်အား ကူညီရန် ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးသို့ ဒေါ်လာ ၁၃ သန်း လှုဒါန်းခဲ့ပြီး ဖြစ်သည်။

ဗြိတိသျှ ပါလီမန် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ မှလည်း စစ်ဗိုလ်ချုပ်များ အား ယခုထက် ပို၍ ပြစ်ဒဏ်ခတ်နိုင်မည့် အစီအမံများ တိုးချဲ့ ပြုလုပ်ရန် အစိုးရ အား အကြံပေးထားသည့် အစီရင်ခံစာကို တင်သွင်းလိုက်ပြီ ဖြစ်သည်။

ထိုသို့ နိုင်ငံတကာ ပြင်းထန်စွာ ဆန့်ကျင်လာခြင်းမှာ အပြစ်မဲ့ ပြည်သူများ ကို လမ်းများ ပေါ်တွင် သတ်ဖြတ်ခဲ့ခြင်း ကို အတိုင်းအတာ တခုအထိ ခွင့်လွှတ်၍ ရနိုင်သော်လည်း စစ်တပ်သည် လူ့ကျင့်ဝတ် စည်းကမ်းများကို ကျော်လွန်ပြီး ကလေးသူငယ်များကိုပါ သတ်ဖြတ်လာခဲ့ခြင်းကြောင့် လက်နက်အားကိုးဖြင့် သူရဲဘောင်ကြောင်သူ လမ်းပေါ်က လူဆိုး ဓါးပြ များ အလား သတ်မှတ် လာကြခြင်းပင် ဖြစ်သည်။


Getty Images
ထို့အပြင် မိမိတို့ အလိုရှိသူများကို ရှာမတွေ့ပါက အိမ်ရှိ မိသားစု သက်ကြီးရွယ်အိုများပါမကျန် ဓါးစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြပြန်သည်။

လောလောလတ်လတ် ဖြစ်ပွားခဲ့သည်ကတော့ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် မှ NLD တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုး၏ ဖခင်အား သားဖြစ်သူ ကို ရှာမတွေ့သဖြင့် ၎င်းအလုပ်လုပ်ကိုင်နေရာ နှမ်းခင်းထဲတွင်ပင် အချက်ပေါင်း နှစ်ဆယ်ခန့် ပစ်ခတ် သတ်ဖြတ်သွားခဲ့မှုကြီးပင် ဖြစ်သည်။

ထိုသို့သော လုပ်ရပ်များကို အထက်က အမိန့်ပေးသည့်တိုင် မိမိတို့ကို မိမိ ပရော်ဖက်ရှင်နယ် စစ်သားများဟု ခံယူထားကြသူများ အဖို့ မည်သို့မျှ ကျုးလွန်ကြလိမ့်မည် မဟုတ်၊ စစ်ပွဲတိုင်းတွင် ရန်သူ ဖက်ကပါ မကျန် အားလုံးသည် စစ်စည်းကမ်း ကျင့်ဝတ်များ အတိုင်း ကျင့်ကြံပြုမူကြရစမြဲ ဖြစ်သည်။ မြန်မာ စစ်တပ်ကတော့ အဆင်ခြင် ကင်းမဲ့စွာဖြင့် Shot themselves in the foot ခေါ် ကိုယ့်ဖာသာ ဖန်တီးယူခဲ့ကြခြင်းပင် ဖြစ်သည်။

ကုလသမဂ္ဂ စာရင်းဇယားများက အသက် မပြည့်‌သေးသည့် ကလေးလူငယ် စုစုပေါင်း ၇၅ ဦး အထိ သတ်ဖြတ်ခဲ့ကြပြီး ၁,၀၀၀ နီးပါး ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။


Getty Images
ထိုသို့ မည်သို့မျှ စဉ်းစားပေး၍ မရအောင် ပြုမူကျင့်ကြံလာခဲ့ကြခြင်းကြောင့် ယခင် အာဏာသိမ်းပွဲများ နှင့် မတူပဲ ယဉ်ကျေးသော လူ့အသိုက်အဝန်းက ဝိုင်းဝန်း ဆန့်ကျင် ပစ်ပယ်လာကြခြင်းပင် ဖြစ်သည်။ ထို့အတွက်လည်း ကမ္ဘာစင်မြင့်များ တွင် ၎င်းတို့ အား မည်သူကမျှ ဆေးဖေါ်ကြောဖက် လုပ်၍ နေရာမပေးလိုကြတော့မှန်း သိလာကြပြီ ဖြစ်သည်။

နေရာ မပေးလိုကြတော့သည့် အပြင် ကမ္ဘာအဖွဲ့အစည်း အသီးသီးက ၎င်းတို့၏ ပြစ်မှုများကို အသေးစိတ် မှတ်တမ်းတင် ပြီး သက်သေ အထောက်အထားများ အဖြစ် စုဆောင်းနေကြသည်။

ယခုအခါ ဆိုးဝါးလာသော ကိုဗစ် ကပ်ရောဂါကြီးကို အကြောင်းပြုပြီး ကမ္ဘာစင်မြင့် ပေါ်သို့ နောက်ဖေးပေါက်မှ တက်ရန် ကြံစည်နေကြခြင်းပင် ဖြစ်သည်။

ပြည်တွင်းတွင်လည်း ယခင်က အတည်ပြုပြီးခဲ့သည့် “အမုန်းစကားများ ဖြန့်ဖြူးမှု” တိုက်ဖျက်ရေး ဥပဒေတွင် ဘာသာရေး၊ လူမျိုးရေးသာမက နိုင်ငံရေး စကားများကိုပါ ထည့်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။ မြန်မာပြည်သူများ အဖို့က နိုင်ငံရေး နှင့် ပတ်သက်ပြီး မိမိတို့ ထင်မြင်ယူဆချက်များကို မည်သို့မျှ ထုတ်ဖေါ်ပြောဆိုခွင့် မရှိတော့ပေ။


Getty Images
အာဏာသိမ်း အဖွဲ့သည် ပြည်သူများကို ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်ထားယုံမျှ နှင့် အားမရတော့ပဲ လူထု၏ အသိလိမ္မာ တရားများ နှင့် ဆင်ခြင်တုံတရားများကိုပါ ချိုးနှိမ်ထားရန် တစတစ နှင့် ကြံဆလာနေပြီ ဖြစ်သည်။ ဘုရားသားတော် ဆိုးများ၊ ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်သည့် လူများအား စိတ်ဓါတ်စစ်ဆင်ရေး တပ်မှူးကြီးများ အဖြစ် အသုံးချလာကြသည်။

၎င်းတို့ အဖို့က မိမိတို့ အာဏာ ဆုပ်ကိုင်ထားနိုင်‌ရေး အတွက် မည်သို့သော အမှုမျိုး မဆို ကျုးလွန်ဖို့ ဝန်မလေးကြတော့ပေ။ လက်ရှိတွင် လူတဦးတယောက်၏ စိတ်ကူးပေါက်ရာ အမိန့်များ ထုတ်ကာ လျှောက်လုပ်နေသည့် ဒဏ်ကိုလည်း ပြည်သူများ လှိမ့်ခံနေကြရပြီ ဖြစ်သည်။

စစ်အာဏာရှင်များ၏ လူမဆန်စွာ ရက်စက်မှုများကြောင့်သာ နိုင်ငံတကာ က ဝိုင်းဝန်း ဆန့်ကျင်လာကြခြင်း ဖြစ်သည်။

သို့သော် ကမ္ဘာကြီးသည် မြန်မာပြည်အား ဗဟိုပြု၍ လည်ပတ်နေခြင်း မဟုတ်၍ မိမိတို့ အရေးကို မိမိတို့ဖာသာ ဖြေရှင်းကြရမည် ဖြစ်သည်။

ပြည်သူများ အနေဖြင့် ကိုဗစ် ကို ကာကွယ်ရန် လူချင်းခွာနေခြင်း၊ နှာခေါင်းစီး တတ်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းများ ဖြင့်သာ အတတ်နိုင်ဆုံး ကာကွယ်သွားကြရန်သာ ရှိပေသည်။

အရေးတော်ပုံ အောင်ရမည်

လေးစားစွာဖြင့်- ခရက်ဒစ်